ပီအက်စ်ဂျီသည် သြဂုတ် ၁၈ ရက်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဖြစ် လစ္စဘွန်း တွင် လိုက်ပ်ဇစ်နှင့် ကစားခဲ့ရာ တောင်ပံ ကစားသမားဒီမာရီယာ၏ ခြေစွမ်းပြမှုကြောင့် သုံးဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် အသင်းသမိုင်း တစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဗိုလ်လုပွဲသို့ရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
ပီအက်စ်ဂျီတိုက်စစ်၌ နေမာ၊ အမ်ဘတ်ပီနှင့် ပွဲပယ်လွတ်လာသော ဒီမာရီယာတို့ ပါဝင်ကာ ကွင်းလယ်၌ ဟာရဲရား၊ မာကွင်ဟို နှင့် ပါရီဒက်စ်တို့ ဦးဆောင်လာခဲ့သည်။ လိုက်ပ်ဇစ်တိုက်စစ်ကို ပိုလ်ဆန်ဦးဆောင် ကာ အဓိကကစားသမားများ ပါဝင်လာသော် လည်း ပီအက်စ်ဂျီ၏ကစားပုံကို လိုက်မမီခဲ့ ပေ။ ပီအက်စ်ဂျီအတွက် ဦးဆောင်ဂိုးကို ဒီမာရီယာ၏ အလွတ်တည်ကန်ဘောမှ တစ်ဆင့် မာကွင်ဟိုက ၁၃ မိနစ်တွင်ခေါင်း တိုက်သွင်းယူခဲ့သည်။ ဒီမာရီယာမှာ ၄၂ မိနစ် တွင် ဒုတိယဂိုးသွင်းယူကာ ၅၆ မိနစ်အရောက် ဘားနက်ဂိုးသွင်းရန် ဖန်တီးပေးခဲ့သည်။ အနိုင်ထိန်းပြီး သုံးဂိုးပြတ်အနိုင်ရခဲ့သော ပီအက်စ်ဂျီသည် အသင်းသမိုင်းတွင် ယခုနှစ် ဘောလုံးရာသီမှသာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ သို့ ပထမဆုံးတက်ရောက်ကာ ဘိုင်ယန် မြူးနစ် သို့မဟုတ် လိုင်ယွန်နှင့် ကစားရမည် ဖြစ်သည်။
ပီအက်စ်ဂျီဥက္ကဋ္ဌအယ်လ်ခါလိုင်ဖီက ''သမိုင်းဝင်ည ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပထမဆုံးရောက်ခဲ့ပါပြီ။ ခက်ခဲ တဲ့အသင်းနဲ့ပွဲမှာ ပွဲကောင်းတစ်ပွဲ ဖန်တီး နိုင်ခဲ့တယ်။ အင်မတန် ဂုဏ်ယူမိပါတယ်။ ကစားသမားတွေ အတွက်ရော နည်းပြအဖွဲ့ ဝင်တွေအတွက်ပါ ဂုဏ်ယူမိတယ်။ ဒီလိုဖြစ် လာဖို့က အိပ်မက်ပါ။ ချန်ပီယံလိဂ်ဗိုလ်လုပွဲ နဲ့ ထိုက်တန်ပါတယ်။ ဒီညအဖို့ဝမ်းသာလို့ ဘာပြောရမှန်းမသိဘူး''ဟု ပြောကြားခဲ့သည်။
ပီအက်စ်ဂျီသည် ဥရောပဖလား/ချန် ပီယံလိဂ် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ သော ငါးသင်းမြောက် ပြင်သစ်ကလပ်အဖြစ် မှတ်တမ်း-ဝင်ခဲ့သည်။ ပီအက်စ်ဂျီသည် ရီးရဲလ်မက်ဒရစ်၏ ချန်ပီယံလိဂ် ၃၄ ပွဲဆက် ဂိုးသွင်းနိုင်သော စံချိန်တစ်ရပ်ကိုလည်း လိုက်မီခဲ့သည်။ ပီအက်စ်ဂျီသည် ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်ရောက်ရန် ဒေါ့မွန်၊ အတ္တလန္တာ နှင့် လိုက်ပ်ဇစ်တို့ကို ဖြတ်ကျော်ခဲ့ရပြီး သြဂုတ် ၂၃ ရက်၌ ဗိုလ်လုပွဲ ကစားရမည်ဖြစ် သည်။















