မြောက်ကိုရီးယား အာဏာရပါတီညီလာခံ ဇန်နဝါရီတွင် ကျင်းပမည်

မြောက်ကိုရီးယား အာဏာရပါတီညီလာခံ ဇန်နဝါရီတွင် ကျင်းပမည်

မြောက်ကိုရီးယားသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် အာဏာရပါတီ ညီလာခံပြုလုပ်မည်ဖြစ်ပြီး နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်သည် စီးပွားရေးပြန်လည်ဦးမော့လာရေး ငါးနှစ်စီမံကိန်း အစီအစဉ်တစ်ခုကို ထုတ်ပြန်မည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက သြဂုတ် ၂၀ ရက်တွင် ဖော်ပြခဲ့သည်။

အလုပ်သမားပါတီ၏ ဗဟိုအမှုဆောင်ကော်မတီ အစည်းအဝေးကို သြဂုတ် ၁၉ ရက်တွင် ကျင်းပခဲ့ပြီး ပါတီညီလာခံကျင်းပရန် အစီအစဉ်ကို အတည်ပြုခဲ့ခြင်းဖြစ်သည်။ ကိုရီးယားကျွန်းဆွယ်ရှိ အခြေနေများနှင့် မမျှော်မှန်းနိုင်သလို ရှောင်လွှဲလို့လည်းမရသည့် စိန်ခေါ်မှုများကြောင့် စီးပွားရေးထိခိုက်မှုများရှိခဲ့ကြောင်း ကင်က အတည်ပြုပြောဆိုခဲ့သည်။

အလုပ်သမားပါတီသည် ၂၀၁၆ ခုနှစ်တွင် ပါတီညီလာခံကို နောက်ဆုံးကျင်းပခဲ့သည်။ ယင်းအချိန်ကလည်း ကင်သည် အမျိုးသားဖွံ့ဖြိုးရေးအတွက် ငါးနှစ်စီမံကိန်းချမှတ်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ သို့သော် COVID-19 ဖြစ်ပွားမှုကြောင့် မြောက်ကိုရီးယားသည် လူဝင်လူထွက်ပိတ်ပင်ပြီး တရုတ်နှင့် ကုန်သွယ်ရေးပမာဏကိုလည်း များစွာလျှော့ချခဲ့ရသဖြင့် ကင်၏အဓိကစီးပွားရေးလျာထားချက်များ ထိခိုက်ခဲ့ရကြောင်း ကျွမ်းကျင်သူများက သုံးသပ်သည်။

ပြည်တွင်းနှင့် ပြည်ပအခြေအနေများကြောင့် မြောက်ကိုရီးယားစီးပွားရေးသည် မျှော်မှန်းထားသလောက် တိုးတက်မှုမရှိခဲ့ကြောင်း အလုပ်သမားပါတီက သြဂုတ် ၁၉ ရက်တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးပြီးနောက် ထုတ်ပြန်ခဲ့သည်။