ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ ဦးဆောင်သည့် အစိုးရနုတ်ထွက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲပေးကာ ထိုင်းဘုရင်စနစ်ကို ပြန်လည်သုံးသပ်ပေးရန် တောင်းဆိုသည့် ဆန္ဒပြမှုများအစပြုရာ ဇူလိုင် ၁၈ ရက် ဆန္ဒပြမှုများနှင့်ဆက်စပ်၍ အစိုးရဆန့်ကျင်ရေးလှုပ်ရှားသူလေးဦးကို ဖမ်းဆီးထားကြောင်း ထိုင်းရဲတပ်ဖွဲ့က သြဂုတ် ၂၀ ရက်တွင် ပြောဆိုခဲ့သည်။
လှုပ်ရှားသူသုံးဦးကို သြဂုတ် ၁၉ ရက် နှောင်းပိုင်းတွင် ဖမ်းဆီးခဲ့ပြီး ဆန္ဒပြပွဲ၌ ဖျော်ဖြေခဲ့သည့် ရတ်ပါတစ်ဦးကိုမူ သြဂုတ် ၂၀ ရက် အစောပိုင်းတွင် ထိန်းသိမ်းခဲ့သည်။ ၂၀၁၄ ခုနှစ် အာဏာသိမ်းခေါင်းဆောင် ပရာယွတ် ချန်အိုချာ ဝန်ကြီးချုပ်အဖြစ်ဆက်လက်အုပ်ချုပ်ခွင့်ရရှိခဲ့သည့် ယမန်နှစ်တွင် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲရလဒ်များကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ဆန္ဒပြသူများသည် အစိုးရအဖွဲ့နုတ်ထွက်ပေးကာ ဒီမိုကရေစီအရေးလှုပ်ရှားသူများအား ခြိမ်းခြောက်မှုများရပ်တန့်၍ လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
လှုပ်ရှားသူလေးဦးသည် ပြည်တွင်းလုံခြုံရေးဥပဒေချိုးဖောက်မှု၊ COVID-19 ကူးစက်မှုလျှော့ချရေးအတွက် လူစုလူဝေးမပြုရန် ပိတ်ပင်ထားသည့် အရေးပေါ် အမိန့် ဒီဂရီချိုးဖောက်မှုများအပါအဝင် ပြစ်မှုများစွာဖြင့် အမှုဖွင့်ခံထားရသည်။ ဇူလိုင် ၁၈ ရက် ဆန္ဒပြမှုနှင့်ဆက်စပ်၍ လူ ၁၅ ဦးကို ဖမ်းဆီးမိန့်ထုတ်ထားပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။
တရားရုံးများက ထုတ်ပေးသည့် ဖမ်းဆီးမိန့်များအရ ဖမ်းဆီးမှုများကိုပြုလုပ်နေခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ပြောခွင့်ရှိသူ ခရစ္ဆာနာ ပတ္တနာချာရွန်ကပြောဆိုခဲ့သည်။ လှုပ်ရှားသူများကို ထိန်းသိမ်းထားသည့် ရဲတပ်ဖွဲ့စခန်းတစ်ခုရှေ့၌ သြဂုတ် ၂၀ ရက် အစောပိုင်းတွင် ထောက်ခံသူတစ်စုစုဝေးခဲ့ကြသည်။
လှုပ်ရှားသူအားလုံးကို တောင်းဆိုချက်တစ်စုံတရာမပါဝင်ဘဲ ချက်ချင်းလွှတ်ပေးရန် အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သည့် ဆင်းရဲသားများအတွက် ညီလာခံက ထုတ်ပြန်ခဲ့သည်။ အဖွဲ့၏ အထွေထွေအတွင်းရေးမှူးသည်လည်း ထိန်းသိမ်းခံထားရသည်။ တောင်းဆိုမှုများကို လိုက်လျောခြင်းမရှိပါက ဘန်ကောက်၌ ကာလရှည်ဆန္ဒပြမှုများကို ဆင်နွဲမည်ဖြစ်ကြောင်း အဖွဲ့က ခြိမ်းခြောက်ထားသည်။
ထိုင်းဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲပေးရန် အခြားဆန္ဒပြပွဲတစ်ခု၌ မိန့်ခွန်းပြောဆိုခဲ့သည့် လူ့အခွင့်အရေးရှေ့နေ အနွန် နမ်ပါသည်လည်း သြဂုတ် ၁၉ ရက်တွင် ထိန်းသိမ်းခံခဲ့ရပြီးဖြစ်သည်။ နမ်ပါသည် ယခုလအတွင်း နှစ်ကြိမ်မြောက် ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။

















