ဆိုးလ်ရှိ ဘုရားကျောင်းတစ်ကျောင်းမှ နိုင်ငံတစ်ဝန်းသို့ COVID-19 ကူးစက် ပျံ့နှံ့

ဆိုးလ်ရှိ ဘုရားကျောင်းတစ်ကျောင်းမှ နိုင်ငံတစ်ဝန်းသို့ COVID-19 ကူးစက် ပျံ့နှံ့

တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်ရှိ ဘုရားကျောင်းတစ်ကျောင်းမှ နိုင်ငံတစ်ဝန်းသို့ COVID-19 ကူးစက်ပျံ့နှံ့သွားပြီဖြစ်ကြောင်း ထိပ်တန်းကျန်းမာရေးအရာရှိတစ်ဦးက သြဂုတ် ၂၀ ရက်တွင် ပြောဆိုခဲ့သည်။

သြဂုတ် ၁၉ ရက် သန်းခေါင်အချိန်အထိ COVID-19 ကူးစက်သူသစ် ၂၈၈ ဦးရှိခဲ့ကြောင်း ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာနက ထုတ်ပြန်ခဲ့သည်။ တောင်ကိုရီးယား၌ သြဂုတ် ၁၈ ရက်တွင် COVID-19 ကူးစက်သူသစ် ၂၉၇ ဦးရှိခဲ့သည်။

တောင်ကိုရီးယား၌ နောက်ဆုံးဖြစ်ပွားနေသည့် အစုလိုက်အပြုံလိုက်ကူးစက်မှုများသည် အစွန်းရောက်တရားဟောဆရာတစ်ဦး ဦးဆောင်နေသည့် ဘုရားကျောင်းတစ်ကျောင်းနှင့် တိုက်ရိုက်ဆက်စပ်နေပြီး ယင်းဘုရားကျောင်းအဖွဲ့ဝင်များသည် မကြာသေးမီ ရက်သတ္တပတ်များတွင် ပြုလုပ်ခဲ့သည့် အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများတွင်လည်း ပါဝင်ခဲ့ရာ ကူးစက်မှုနှုန်း ပျံ့နှံ့အောင် လုပ်ဆောင်လိုက်သကဲ့သို့ ရှိနေသည်။

"ဘာသာရေး အခမ်းအနားတစ်ခုကနေ စတင်ခဲ့တဲ့ ကူးစက်မှုဟာ ချီတက်ဆန္ဒပြမှုတွေတစ်ဆင့် တစ်နိုင်ငံလုံးကို ကူးစက်သွားပုံရနေတာမို့ ပေါ့ပေါ့ဆဆသဘောထားလို့မရတော့ပါဘူး"ဟု ဒုတိယကျန်းမာရေးဝန်ကြီး ကင် ဂန်လစ်ကပြောဆိုခဲ့သည်။

ဘုရားကျောင်းရှိ အခမ်းအနားတက်ရောက်ခဲ့သူ ၃၂၆၃ ဦးကို COVID-19 ရှိမရှိ စစ်ဆေးခဲ့ရာ လူ ၆၃၀ ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပြီး ယင်းအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူရာပေါင်းများစွာကို ဆက်လက်ခြေရာခံနေကြောင်း ကင်ကပြောဆိုခဲ့သည်။ ဘုရားကျောင်းမှ ကူးစက်သူ ၃၃ ဦးအပါအဝင် နောက်ထပ်ကူးစက်သူ ၅၃ ဦးသည်လည်း ဆိုးလ်ရှိ လူထောင်ပေါင်းများစွာတက်ရောက်သော အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများနှင့်ဆက်စပ်နေသည်။

ဆန္ဒပြမှုများတွင် ပါဝင်ခဲ့သူများအနက် COVID-19 အတည်ပြုလူနာများသည် မြို့နှင့် ခရိုင်ကိုးခုတို့တွင် နေထိုင်သူများဖြစ်ကြသည်။ ကင်က မည်သည့်နေရာများဖြစ်သည်ကို ပြောဆိုခြင်းမပြုခဲ့သော်လည်း ကူးစက်သူများ၏အလုပ်အကိုင်နေရာများအပါအဝင် နေရာ ၁၁၄ ခုတို့တွင် ကူးစက်မှုအန္တရာယ်မြင့်တက်နေကြောင်း ပြောဆိုခဲ့သည်။

တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ကူးစက်မှုဖြစ်ပွားနိုင်သည့်အခြေအနေဖြစ်ကြောင်း ကင်ကပြောဆိုခဲ့သည်။ မြို့တော်ရှိ ဆန္ဒပြမှုများနှင့်ဆက်စပ်၍ နိုင်ငံတောင်ပိုင်းရှိ ဘူဆန်မြို့၌ သြဂုတ် ၁၉ ရက်တွင် ကူးစက်သူသစ်နှစ်ဦးရှိခဲ့သည်။

ကူးစက်သူသစ်ဦးရေသည် ယခုနှုန်းအတိုင်းဆက်လက်တိုးနေဦးမည်ဆိုပါက တင်းကျပ်သော ကျန်းမာရေးစည်းမျဉ်းများကို ချမှတ်ကာ စာသင်ကျောင်းများကို ပိတ်သိမ်းစေပြီး နေအိမ်မှသာ အလုပ်လုပ်ကိုင်သည့် စနစ်ကို ပြန်လည်ကျင့်သုံးစေကာ လူ ၁၀ ဦးထက်ကျော်လွန်၍ စုဝေးမှုမပြုရန် ညွှန်ကြားချက်ထုတ်ရမည်ဖြစ်ကြောင်း အာဏာပိုင်များကပြောဆိုခဲ့သည်။