ကာကွယ်ဆေး ရပါက မလေးရှား၌ COVID-19  ပြည်သူအားလုံးကို အခမဲ့ ထိုးပေးမည်

ကာကွယ်ဆေး ရပါက မလေးရှား၌ COVID-19  ပြည်သူအားလုံးကို အခမဲ့ ထိုးပေးမည်

ပြည်သူအားလုံး COVID-19 ကာကွယ်ဆေး အခမဲ့ထိုးနှံခွင့်ရရှိရေး ဝန်ကြီးအဖွဲ့အား အကြံပြုမည်ဖြစ်ကြောင်း မလေးရှားသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီး ခိုင်ရီဂျာမာလပ်ဒင်က သြဂုတ် ၁၉ ရက်တွင် ပြောဆိုခဲ့သည်။ 

"ဝန်ကြီးများအဖွဲ့ကတော့ ဆုံးဖြတ်ချက် မချရသေးပါဘူး။ ဒါပေမဲ့ COVID-19 ကာကွယ်ဆေး ဝယ်ပြီးတာနဲ့ မလေးရှားနိုင်ငံသားအားလုံးကို အခမဲ့ထိုးနှံပေးသွားမှာဖြစ်ပါတယ် ဆိုတာကိုတော့ အာမခံနိုင်ပါတယ်" ဟု ခိုင်ရီဂျာမာလပ်ဒင်က သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

အသုံးပြုရန်အတွက် ဘေးကင်းလုံခြုံပြီး အလားအလာရှိသော COVID-19 ကာကွယ် ဆေးတစ်မျိုးအတွက် တရုတ်နိုင်ငံနှင့် ဆွေးနွေးနေကြောင်း ဝန်ကြီးခိုင်ရီက ယခုလအစောပိုင်းတွင် ပြောဆိုထားပြီးဖြစ်သည်။ မလေးရှားသည် ကာကွယ်ဆေးထုတ်လုပ်နေသည့် အခြားကုမ္ပဏီများနှင့်လည်း ဆက်သွယ်ဆောင်ရွက်နေကြောင်း ဝန်ကြီးက သြဂုတ် ၁၉ တွင် ပြောဆိုခဲ့သည်။

"ကျန်းမာရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ အမျိုးသားဆေးဝါးမှတ်ပုံတင်ရေးဌာန ဟာ မဝယ်ယူခင်မှာ စမ်းသပ်မှုပြုလုပ်ထားတဲ့ အချက်အလက်တွေကို လိုအပ်ပါတယ်။ အဲဒီ အချက်အလက်တွေကို အခြေခံပြီး ကာကွယ်ဆေးဟာ ဘေးကင်းပြီး ထိရောက်မှု ရှိသလား မရှိသလားဆိုတာကို ဆုံးဖြတ်မှာပါ" ဟု ဝန်ကြီးက ပြောဆိုခဲ့သည်။

မလေးရှားအနေဖြင့် COVID-19 ကာကွယ်ဆေးအား အချိုသာဆုံး စျေးနှုန်းဖြင့် ဝယ်ယူ ရရှိနိုင်ရန်အတွက် ဆေးထုတ်လုပ်သော ကုမ္ပဏီများနှင့် ညှိနှိုင်းတိုင်ပင်ဆွေးနွေးရန် သိပ္ပံ၊ နည်းပညာနှင့် တီထွန်ဆန်းသစ်မှုဝန်ကြီးဌာနအား မလေးရှားဝန်ကြီးချုပ် မူယစ်ဒင် ယက်ဆင် ကတာဝန်ပေးထားပြီးဖြစ်ကြောင်း ခိုင်ရီက ဆက်လက်ပြောဆိုခဲ့သည်။

ဆေးဝါးကုမ္ပဏီများသည် နိုင်ငံကြီးများဆီသို့သာ ရောင်းချရန် ရည်ရွယ်ချက်မျိုး ရှိနေသည့်အတွက် မလေးရှားကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံအနေဖြင့် ကာကွယ်ဆေး အညီအမျှ မရရှိမည်ကိုလည်း စိုးရိမ်မိကြောင်း ၎င်းကပြောဆိုခဲ့သည်။