အကျဉ်းသားလွှဲပြောင်းခြင်းနှင့် အခွန်ငွေဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ နှစ်ဖက်သဘောတူညီထားသည့် စာချုပ်သုံးခုမှ နုတ်ထွက်ပြီဖြစ်ကြောင်း အမေရိကန်အာဏာပိုင်များက ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့အား သြဂုတ် ၁၉ တွင် အကြောင်းကြားခဲ့သည်။
ယမန်နှစ်တွင် ဟောင်ကောင်အုပ်ချုပ်သူများက အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများအပေါ် အင်အားသုံးနှိမ်နင်းခဲ့သည့်အတွက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဟောင်ကောင်၏ ဦးစားပေး ကုန်သွယ်ခွင့်ကို ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ပြီးနောက် အမေရိကန်အာဏာပိုင်များသည် ယခုအသိပေးမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဟောင်ကောင်သည် ကုန်သွယ်ရေးဆိုင်ရာ အခွင့်ထူးခံမှုအခြေအနေကို ရရှိရန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အလုံအလောက်ရရှိခြင်းမရှိကြောင်း အတည်ပြုသည့် အမိန့်ညွှန်ကြားချက်တစ်ခုကို ထရမ့်က ဇူလိုင်တွင် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။
"အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နေခြင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် နှစ်ဦးနှစ်ဖက် ချုပ်ဆိုထားတဲ့ သဘောတူညီမှုသုံးခုကို ရုပ်သိမ်းကြောင်း ဟောင်ကောင် အာဏာပိုင်များထံ ကျွန်တော်တို့ အကြောင်းကြားခဲ့ပါတယ်။ အဲဒီသဘောတူညီချက်တွေကတော့ ပြည်ပြေးအကျဉ်းသားလွှဲပြောင်းတာ၊ ထောင်ဒဏ်ကျခံထားရတဲ့ အကျဉ်းသားကို လွှဲပြောင်းပေးတာ၊ ရေကြောင်းကုန်သွယ်မှု ဝင်ငွေအပေါ် အခွန်ကောက်ခံမှုတို့ပဲ ဖြစ်ပါတယ်။ အခုလုပ်ရပ်ဟာ ဟောင်ကောင်ပြည်သူတွေရဲ့ လွတ်လပ်ရေးကို ပျက်ပြားစေတဲ့ တရုတ်ရဲ့ဆုံးဖြတ်ချက်ဖြစ်တဲ့ အမျိုးသား လုံခြုံရေးဥပဒေ ပြဌာန်းမှုအပေါ် ကျွန်တော်တို့ရဲ့ လေးလေးနက်နက် စိုးရိမ်နေမှုကို ပြသလိုက်တာပါပဲ"ဟု အမေရိကန်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

















