သြဂုတ် ၂ဝ ရက်က ၂ဝ၂ဝ-၂၁ အင်္ဂလန်ပရီးမီးယား လိဂ်ပွဲစဉ်ဇယားကို ထုတ်ပြန်ခဲ့ရာ လက်ရှိချန်ပီယံလီဗာပူး မှာ ပွဲစဉ်(၁)တွင် တန်းတက်လိဒ်ယူနိုက်တက်နှင့် ကစားရမည်ဖြစ်ပြီး အဖွင့်ပွဲစဉ်၌ မန်ယူနှင့်မန်စီးတီးတို့၏ပွဲများကို ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။
ရာသီသစ်ပရီးမီးယားလိဂ်ကို စက်တင်ဘာ ၁၂ ရက် (စနေနေ့)တွင်စတင်မည်ဖြစ်ပြီး ယင်းနေ့၌ ပဲလေ့စ်-ဆောက် သမ်တန်၊ ဖူလ်ဟမ်-အာဆင်နယ်၊ လီဗာပူး-လိဒ်ယူနိုက်တက်၊ စပါး-အဲဗာတန်၊ ဝက်စ်ဘရွန်း-လက်စတာ၊ ဝက်စ်ဟမ်း- နယူးကာဆယ်တို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ချယ်လ်ဆီးမှာ စက်တင်ဘာ ၁၄ ရက်၌ ဘရိုက်တန်နှင့် စတင်ကစားရမည် ဖြစ်ပြီး ဝုလ်မှာ ယင်းနေ့၌ပင် ရှက်ဖီးလ်ယူနိုက်တက်နှင့် တွေ့ဆုံနေသည်။
ပွဲစဉ်(၁)တွင် မန်ယူမှာ ဘန်လေနှင့်တွေ့ဆုံကာ မန်စီးတီးမှာ ဗီလာနှင့်ကစားရမည်ဖြစ်ပြီး ဥရောပပြိုင်ပွဲများ၌ ကစားခဲ့ရ၍ နားရက်ပိုပေးသည့်အနေဖြင့် ရွှေ့ဆိုင်းထား ခြင်းဖြစ်သည်။ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ယူရိုပြိုင်ပွဲမတိုင်မီ ၁၉ ရက်အလို ၂ဝ၂၁ မေ ၂၃ ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။















