သြဂုတ် ၁၉ ရက်က ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ်အဖြစ် လစ္စဘွန်းတွင် လိုင်ယွန်နှင့် ဘိုင်ယန်မြူးနစ်တို့ ယှဉ်ပြိုင်ခဲ့ရာ ဂျာမန် အင်အားကြီးဘိုင်ယန်က သုံးဂိုးပြတ်အနိုင် ရခဲ့၍ ဗိုလ်လုပွဲသို့တက်ရောက်ကာ ပီအက်စ် ဂျီနှင့် အကြိတ်အနယ်ယှဉ်ပြိုင်ရတော့မည် ဖြစ်ကြောင်း သိရသည်။
လိုင်ယွန်နှင့် ဘိုင်ယန်သည် အဓိက ကစားသမားများဖြင့် ပွဲကို ချဉ်းကပ်ခဲ့ပြီး ဘိုင်ယန်မြူးနစ်မှာ ၁၈ မိနစ်၌ ဦးဆောင် ဂိုးရခဲ့ရာ အားသာချက်ဖြစ်ခဲ့သည်။ ဂျာမနီ ကွင်းလယ်လူ နာဘရီက ကင်မစ်ချ်၏ပေးပို့ မှုကိုဆွဲပြေးပြီး အပြင်းကန်သွင်းခဲ့ခြင်းဖြစ် သည်။ နာဘရီသည် ၃၃ မိနစ်၌ အသင်း အတွက် ဒုတိယဂိုးသွင်းယူခဲ့သည်။ လိုင် ယွန်သည် ဂိုးအခွင့်အရေးများရခဲ့သော် လည်း အသုံးမချနိုင်ခဲ့ပေ။ ဘိုင်ယန်အတွက် အပိတ်ဂိုးကို ကင်မစ်ချ်၏ဖြတ်တင်ဘောမှ တစ်ဆင့် လီဝမ်ဒေါ့စကီးက ၈၈ မိနစ်တွင် ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။
လိုင်ယွန်၏ ၃-၅-၂ ကစားကွက်မှာ ဘိုင်ယန်မြူးနစ်နှင့်ပွဲတွင် အလုပ်မဖြစ်ခဲ့၍ ဆီမီးဖိုင်နယ်မှ လှည့်ပြန်ခဲ့ရသည်။ ဘိုင်ယန် မြူးနစ်သည် အသင်းသမိုင်းတစ်လျှောက် ဥရောပဖလား/ချန်ပီယံလိဂ် ဗိုလ်လုပွဲသို့ (၁၁)ကြိမ်မြောက်တက်ရောက်ခဲ့ခြင်းဖြစ်ပြီး အေစီမီလန်၏စံချိန်ကိုလိုက်မီခဲ့သည်။
ယခု နှစ်တွင် ဘိုင်ယန်အတွက် ၅၅ ဂိုးသွင်းယူ ထားသော တိုက်စစ်မှူးလီဝမ်ဒေါ့စကီးသည် စီရိုနယ်ဒို၏ တစ်ရာသီချန်ပီယံလိဂ်ဂိုးအများ ဆုံးစံချိန်တစ်ခုကိုလိုက်မီခဲ့ပြီး တစ်ရာသီ အတွင်း ချန်ပီယံလိဂ် ၁၅ ဂိုးသွင်းယူနိုင်သူ ဖြစ်လာသည်။ စီရိုနယ်ဒိုသည် ၂ဝ၁၃-၁၄ ဘောလုံးရာသီက ချန်ပီယံလိဂ် ၁၇ ဂိုး၊ ၂ဝ၁၅-၁၆ က ၁၆ ဂိုးနှင့် ၂ဝ၁၇-၁၈ ရာသီ က ချန်ပီယံလိဂ် ၁၅ ဂိုးသွင်းခဲ့သူဖြစ်သည်။
လီဝမ်ဒေါ့စကီးသည် နယ်သာလန်တိုက်စစ် မှူးဟောင်းနစ္စတယ်ရွိုင်း၏ ၂ဝဝ၃ ခုနှစ်က ချန်ပီယံလိဂ် ကိုးပွဲ ဆက်ဂိုးသွင်းနိုင်သော စံချိန် တစ်ခုကိုလည်း ပိုင်ဆိုင်ခဲ့သည်။ ၎င်းသည် ၂ဝ၁၈ က စီရိုနယ်ဒို၏ ချန်ပီယံလိဂ် ၁၁ ပွဲဆက်ဂိုးသွင်းနိုင်သောစံချိန်ကို လိုက်မီရန် အခွင့်အလမ်းရှိနေသည်။
လီဝမ်ဒေါ့စကီးနှင့် နာဘရီတို့သည် ယခုနှစ်တွင် နှစ်ဦးပေါင်း ချန်ပီယံလိဂ် ၂၄ ဂိုးသွင်းယူထားရာ ၂ဝ၁၃-၁၄ ဘောလုံးရာသီက စီရိုနယ်ဒိုနှင့် ဂါရတ် ဘေးလ်တို့၏ နှစ်ဦးပေါင်းသွင်းဂိုးထက် တစ်ဂိုးပိုသာခဲ့သည်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကို သြဂုတ် ၂၃ ရက်(တနင်္ဂနွေ)ညတွင် လစ္စဘွန်း၌ပင် ကျင်းပမည်ဖြစ်သည်။















