ကိုဗစ်ကို အန်တုကြတဲ့ တွန်းလှည်းစျေးသည်လေးများ

ကိုဗစ်ကို အန်တုကြတဲ့ တွန်းလှည်းစျေးသည်လေးများ

''မင်္ဂလာပါ.. ခင်ဗျာ'' အသီးအရွက်အစုံလှည်းကလေး လာပါပြီ။ ဟင်းသီးဟင်းရွက်အစုံ ပါပါတယ်ဆိုတဲ့ ဓာတ်ခဲ အသံသွင်းလော်စပီကာအသံက ရပ်ကွက်လမ်းထဲကြား နေရပါပြီ။ COVID-19 ထိန်းချုပ်ဆဲ ကာလကတည်းကစလို့ မြို့ပြရန်ကုန်က မြို့နယ်စုံ ရပ်ကွက်တွေမှာ လှည်း၊ဆိုက်ကားနဲ့ကားငယ်လေးတွေ တော်တော်များများ က ရောဂါကူးစက်မှာ ကြောက်တဲ့ ပြည်သူတွေကို တစ်ဖက်တစ်လမ်းမှ ကူညီဖြည့်ဆည်းပေးခဲ့ကြပါတယ်။

အဆိုပါကာလအတွင်း အများပြည်သူများ စျေးဝယ်ရ လွယ်ကူစေရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် အသွားအလာကန့်သတ်ထား သည့်ရပ်ကွက်များအတွင်း ရက်ခြားစျေးကားများဖြင့် စီစဉ်ကာ ပြည်သူများ၏ စိတ်ပူပန်စေမှုကို ဖြေလျှော့ပေးစေခဲ့ ပါတယ်။

''အသွားအလာ ကန့်သတ်ထားတဲ့ ကာလတုန်းကလည်းတစ်ပတ်စာအိမ်စားဖို့ မီးဖိုချောင်ပစ္စည်းနဲ့ အသားအငါးတွေကို စံပြစျေး၊ အိမ်နဲ့နီးတဲ့ ရပ်ကွက်ထဲက စျေးတွေမှာ ကျန်းမာရေး ညွှန်ကြားချက်တွေအတိုင်း လက်အိတ်၊ နှာခေါင်းစည်းတွေ ဝတ်ဆင်ပြီးတော့သွားဝယ်ရတာပါပဲ။ ပြန်လာတာနဲ့ အဝတ် အစားတွေ အကုန်လုံးလဲ၊ ရေချိုးပြီးမှ စိတ်သက်သာသလို ခံစားရတယ်။ ပြီးမှမီးဖိုချောင်အလုပ် လုပ်စရာရှိတာလုပ်၊ အဲဒီလိုနဲ့ ဒီကာလတွေကို ဖြတ်သန်းခဲ့ရတယ်။ ရပ်ကွက်ထဲ စျေးတွန်းလှည်း၊ စျေးကားတွေလာရင် လျော့သွားတဲ့ မီးဖို ချောင်အတွက်အသုံးအဆောင်တွေ ပြန်ဝယ်နဲ့နေခဲ့ရတယ်'' လို့ အသွားအလာကန့်သတ်ခံခဲ့ရသည့် တောင်ဥက္ကလာပ မြို့နယ်နေ မသက်မွန်က ပြောပါတယ်။

''အစ်မရေ ငါးစုံပါတယ်''လို့ အော်သံကြားရပြီးတဲ့နောက် ဆိုင်ကယ် ဘေးတွဲတပ်ထားတဲ့ ဆိုက်ကားပေါ်မှာ ဝါးကပ် ခင်းပြီး ငါးပေါင်းစုံတင်ကာ လှည့်ပြီးရောင်းချတဲ့ သူတွေအပြင် ကြက်သား၊ အသီးအနှံနဲ့ ရာသီစာ ဒူးရင်းသီးကို ကိုဗစ်ကာလ မစားလိုက်ရမရှိရလေအောင် လိုက်လံရောင်းချသူတွေ ကလည်း ရပ်ကွက်ထဲ တစ်နေ့လေးကြိမ်ထက်မက လှည့်ပတ် ရောင်းချတဲ့ အသံပေါင်းစုံကြားနေရတာလည်း ပထမတော့ နားငြီးသယောင်ခံစားရပေမယ့် အနေကြာလာတော့လည်း ဒီအသံလာရာကို မျှော်ရင်း အိမ်တွင်းလိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ယူဖို့မျှော်နေမိကြတာပါပဲ။

''ဒီရောဂါကြီးနဲ့ သေမှာကြောက်တာပေါ့။ မလွှဲသာလို့ အပြင်ခဏထွက်ရင် နှာခေါင်းစည်း၊ လက်အိတ်နဲ့ အရက် ပြန်ပုလင်းကအစ အိတ်ထဲထည့်ပြီး ယူသွားရတယ်။ ကိုယ် အိမ်ရှေ့ စျေးသည်လေးတွေ လာရောင်းတော့ စျေးမသွားရတော့ဘူး အဆင်ပြေတယ်။ ဒီကာလကစပြီး အခုချိန်ထိ စျေးသည်တွေ၊ စျေးကားတွေလမ်းထဲ အိမ်ရှေ့အထိ လာ ရောင်းပေးလို့ ဒီကာလမှာ သူတို့တွေကို အထူးကျေးဇူးတင်တယ်''လို့ ဗဟန်းမြို့နယ်နေ ဒေါ်နီနီဝင်းက ပြောပါတယ်။

ရပ်ကွက်အတွင်း ဟင်းသီးဟင်းရွက်ရောင်းချသူမှအပကျန်စျေးသည်မရှိသလောက် နည်းပါးသွားခဲ့ပါပြီ။ ကိုဗစ် ထိန်းချုပ်ဆဲကာလတစ်လျှောက် ဒီစျေးသည်တွေကသာ အမှန်တကယ် ရပ်ကွက်ကို အကျိုးပြုနေသူလို့ပင် ပြောရ မတက်လောက်ပါဘဲ။

''အရောင်းအဝယ်က နည်းသွားပြီ၊ လုပ်ကိုင်ရတာ အဆင်မပြေတော့ဘူး။ စျေးက ဆိုင်တွေလည်းသူ့ဟာနဲ့သူ ပြန်ဖွင့်နေတာကြောင့် လူအများစုကိုယ့်ဟာကိုယ် စျေးဝယ် တယ်။ မုန့်ထွက်စားတယ်။ အရင်ထက်စာရင် အရောင်း အဝယ်သုံးပုံတစ်ပုံသာ ရောင်းရတော့တယ်။ နေ့သွင်းယူထားတဲ့ ပိုက်ဆံတွေ မနည်းပြန်ပြီးပေးနေရတယ်''လို့ တောင်ဥက္ကလာပ မြို့နယ် အတွင်း ဆိုက်ကားဖြင့် အသီးအရွက် လှည့်လည် ရောင်းချသူ မသိန်းသိန်းစိုးက ပြောပါတယ်။

မည်သို့ပင်ဆိုစေကာမူ COVID-19 ထိန်းချုပ်ဆဲကာလ အတွင်း ရှိရင်းစွဲအလုပ်အကိုင်အခွင့်အလမ်းတွေကို စွန့်လွတ်ခဲ့ပြီး တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ကိုင်ခဲ့တဲ့သူတွေရှိသလိုမိသားစုဝမ်းရေးအတွက် အရပ်တကာလှည့် မမြင်ရတဲ့ရောဂါကို အန်တုလို့ သေမင်းနှုတ်ခမ်းဝ လမ်းလျှောက်ပြီးအများပြည်သူစားဝတ်နေရေးကို ဖြေဆည်းပေးတဲ့ စျေးသည်တွေလည်း ယနေ့ကာလအထိ ရှိနေဆဲပင်ဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး