ပေကျင်း သြဂုတ် ၂၁ - တရုတ်နိုင်ငံမြို့တော် ပေကျင်း၌ ၁၃ ရက်ဆက်တိုက် COVID-19 ကူးစက်သူသစ် မရှိခဲ့သည့်အတွက် ကျန်းမာရေးအာဏာပိုင်များသည် တင်းကျပ်သော ကျန်းမာရေးစည်းမျဉ်းများကို နောက်ထပ်ဖြေလျှော့သည့်အနေဖြင့် အိမ်အပြင်ထွက်လျှင် နှာခေါင်းစည်းတပ်မနေရစည်းမျဉ်းကို ရုပ်သိမ်းလိုက်ပြီဖြစ်သည်။
စည်းမျဉ်းဖြေလျှော့ပေးခဲ့သော်လည်း ပေကျင်းမြို့ရှိ ပြည်သူများသည် သြဂုတ် ၂၁ ရက်တွင် နှာခေါင်းစည်းများတပ်ကာ သွားလာနေကြဆဲဖြစ်သည် ။ နှာခေါင်းစည်းတပ်ခြင်းသည် လုံခြုံစိတ်ချရသလို ခံစားရကြောင်း အချို့က ပြောဆိုပြီး နှာခေါင်းစည်းတပ်ရန်အတွက် အချင်းချင်း သတိပေးမှုများရှိကြောင်းလည်း အချို့က ပြောသည်။
"ကျွန်မရဲ့ နှာခေါင်းစည်းကို ဘယ်အချိန်ဖြစ်ဖြစ် ချွတ်ထားနိုင်တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဒါကို တခြားလူတွေ လက်ခံဖို့တော လိုမယ်။ ကျွန်မ နှာခေါင်း စည်းတပ်မထားတာကို သူတို့မြင်လိုက်ရင် အဲဒီလူတွေ ကြောက်သွားမှာကို ကျွန်မ စိုးရိမ်မိလို့ပါ" ဟု အသက် ၂၄ နှစ်အရွယ်ရှိ ပေကျင်းမြို့သူတစ်ဦးက ပြောဆိုခဲ့သည်။
ကျန်းမာရေးအာဏာပိုင်များသည် နှာခေါင်းစည်းတပ်မှု စည်းမျဉ်းဖြေလျှော့ခြင်းကို ပေကျင်း၌ ဒုတိယအကြိမ် ထုတ်ပြန်ခြင်းဖြစ်သည်။ ပေကျင်း၌ ကူးသန်းသွားလာမှုဆိုင်ရာ ကန့်သတ်ချက်များ နှစ်ကျော့ ချမှတ်ခဲ့ပြီးနောက် ယခုအချိန်တွင် ပုံမှန်အခြေ အနေသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။
ဧပြီ နှောင်းပိုင်းတွင် ပေကျင်းမြို့ရှိ ပြည်သူများအနေဖြင့် နှာခေါင်းစည်းမပါဘဲ အပြင် သို့ သွားလာနိုင်သည်ဟု ပေကျင်းကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနက ထုတ်ပြန်ခဲ့ပြီးနောက် လက်ကားဈေးကြီးတစ်ခုမှ ပြန်လည်စတင်ခဲ့သော ကူးစက်မှုကြောင့် နှာခေါင်းစည်းတပ်ဆင်ရန် ညွှန်ကြားချက်ကို ဇွန်လတွင် ပြန်လည်ချမှတ်ခဲ့ရသည်။ ပေကျင်း၊ ရှင်ကျန်းနှင့် နေရာအတော်များများ၌ COVID-19 ကူးစက်မှုကို အောင်မြင်စွာ ထိန်းချုပ် နိုင်ခဲ့ပြီးနောက် တရုတ်တွင် ပြည်တွင်းကူးစက်မှုမရှိခဲ့သည်မှာ ၅ ရက်ရှိနေပြီဖြစ်သည်။
သြဂုတ် ၂၀ ရက်တွင် ပြည်မကြီး၌ ပြည်ပမှ ပြန်လာသူ ၂၂ ဦးတွင် COVID-19 တွေ့ရှိခဲ့ရပြီး တရုတ်နိုင်ငံသားမဟုတ်သူများအတွက် နယ်စပ်များကို ပိတ်သိမ်းခဲ့သည်။ တရုတ်၌ COVID-19 ကူးစက်သူ ၈၄၉၁၇ ဦး ရှိနေသည်။ အေပီ

















