နယူးဒေလီ သြဂုတ် ၂၁ - အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီ၌ နေထိုင်သူ ၅ ဒသမ ၈ သန်းကျော်သို့မဟုတ် နယူးဒေလီမြို့နေ သန်း ၂၀ ခန့် အနက် လေးပုံတစ်ပုံကျော်သည် COVID-19 ကူးစက်ခံထားရသော်လည်း ရောဂါလက္ခဏာမပြသူများဖြစ်နိုင်ကြောင်း သြဂုတ် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည့် လေ့လာမှုတစ်ခုအရသိရသည်။
ဒေလီမြို့နေ ၁၅၀၀၀ ခန့်ရှိ ပဋိပစ္စည်းပမာဏကိုလေ့လာခဲ့ရာမှ ယခုကဲ့သို့ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဒေလီ၌ COVID-19 ကူးစက်သူ ၁၅၆၁၃၉ ဦးရှိနေကြောင်း အစိုးရ၏ထုတ်ပြန်ထားသည့် ပမာဏထက် အဆပေါင်း ၃၇ ဆကျော်ပိုမိုများပြားနေသည်။
အိန္ဒိယသည် အမေရိကန်ပြည်ထောင်စုနှင့် ဘရာဇီးပြီးနောက် COVID-19 ဒဏ်ကို တတိယမြောက်အပြင်းထန်ဆုံးခံနေရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အိန္ဒိယ၌ သြဂုတ် ၂၀ ရက်တွင် COVID-19 ကူးစက်သူသစ် ၆၉၆၅၂ ဦးရှိခဲ့သောကြောင့် ကူးစက်သူ ၂ ဒသမ ၈၄ သန်းရှိနေပြီဖြစ်ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ သြဂုတ် ၂၀ ရက်တွင် သေဆုံးသူ ၉၇၇ ဦးရှိခဲ့သောကြောင့် သေဆုံးသူ ၅၃၈၆၆ ဦးရှိနေပြီဖြစ်သည်။
သြဂုတ်အစောပိုင်းတွင် မြို့နေ ၁၅၀၀၀ တို့အား သွေးနမူနာယူစစ်ဆေးခဲ့ရာ ၎င်းတို့အနက် ၂၉ ဒသမ ၁ ရာခိုင်နှုန်းသည် ဗိုင်းရပ်စ်ကိုတိုက်ဖျက်သည့် ပဋိပစ္စည်းများထုတ်ပေးနေကြောင်း တွေ့ရှိခဲ့သည်ဟု ဒေလီကျန်းမာရေးဝန်ကြီး ဆတြန်ဒရာ ဂျိန်းကပြောဆိုခဲ့သည်။ ဇွန်နှင့် ဇူလိုင်တို့တွင်လည်း အလားတူလေ့လာခဲ့ရာ အစမ်းသပ်ခံ ၂၃ ရာခိုင်နှုန်းသည် တစ်ချိန်ချိန်၌ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရကြောင်း တွေ့ရှိခဲ့သည်။
အိန္ဒိယရှိ အခြားမြို့များတွင်လည်း တကယ်တမ်းကူးစက်သူဦးရေသည် အစိုးရက ထုတ်ပြန်သည့် ဦးရေထက်ပိုမိုများပြားနိုင်ခြေရှိနေသည်။ အိန္ဒိယနိုင်ငံအနောက်ပိုင်း ပူနေးမြို့ရှိ ကူးစက်မှုနှုန်းမြင့်မားသည့်နေရာငါးနေရာတွင် နေထိုင်သူများအနက် ၅၁ ဒသမ ၅ ရာခိုင်နှုန်း၏သွေးထဲတွင် ပဋိပစ္စည်းများတွေ့ရှိခဲ့ကြောင်း မကြာသေးမီတွင် ပြုလုပ်ခဲ့သည့် လေ့လာမှုများတွင်ဖော်ပြထားသည်။
ယင်းလေ့လာမှုများသည် အသုံးဝင်ပြီး လိုအပ်သော်လည်း ၎င်းတို့ကို အဓိပါ္ပယ်ဖွင့်ဆိုပုံသည် ပိုမိုအရေးပါကြောင်း ဒေလီရှိ ဂျဝါဟာလာနေရူးတက္ကသိုလ်မှ လူမှုဆေးပညာနှင့် အသိုင်းအဝိုင်းဗဟိုဌာနအကြီးအကဲ ရာဂျစ် ဒက်စ်ဂုပ္ပတကပြောဆိုခဲ့သည်။ အေပီ

















