COVID-19 ကုသရန် ဘုရားပေးသော ဆေးမရှိသေးကြောင်း ဝူဟန်ရှိ ဆရာဝန်တစ်ဦးပြော

COVID-19 ကုသရန် ဘုရားပေးသော ဆေးမရှိသေးကြောင်း ဝူဟန်ရှိ ဆရာဝန်တစ်ဦးပြော

    ခိုင်မာသည့် အထောက်အထားများ အပေါ်တွင် အခြေမခံဘဲ ယုံတမ်းစကားများ အပေါ်တွင် အခြေခံကာ ကုသနေမှုများကို တရုတ်နိုင်ငံရှိ COVID-19 ကူးစက်မှုဗဟိုချက်ဖြစ်ခဲ့သည့် ဝူဟန်မြို့၌ ကူးစက်ရောဂါတိုက်ဖျက်ရေးတွင် ဦးဆောင်ပါဝင်ခဲ့သော ဆရာဝန်တစ်ဦးက သတိပေးပြောဆိုလိုက်ပြီး ကူးစက်ရောဂါအတွက် ဘုရားပေးသောဆေး မရှိသေးကြောင်း ပြောဆိုခဲ့သည်။ 

အမျိုးသားသုတေသနနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဗဟိုဌာန ဒုတိယညွှန်ကြားရေးမှူး ပါမောက္ခ ကိုပင်သည် COVID-19 တိုက်ဖျက်ရေးအတွက် ပေကျင်းမှ ဝူဟန်သို့ ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ ၎င်းသည် အစောပိုင်းတွင် COVID-19 လူနာများကို အိပ်ချ်အိုင်ဗွီတိုက်ဖျက်ရေးဆေးများဖြင့် စမ်းသပ်ကုသခဲ့သူဖြစ်သည်။

ကူးစက်မှုဖြစ်ခါစ အစောပိုင်းနေ့များတွင် လူများသည် ကူးစက်ရောဂါကို ရသည့်နည်းဖြင့် တိုက်ဖျက်နိုင်ရး ကြိုးပမ်းခဲ့ကြောင်း ကိုပင်က သြဂုတ် ၂၀ ရက်တွင် စင်ကာပူအမျိုးသားတက္ကသိုလ်နှင့် အွန်လိုင်းမှတစ်ဆင့်ပြုလုပ်သော ဆွေးနွေးပွဲ၌ ပြောဆိုခဲ့သည်။

"ဒီကပ်ရောဂါအတွက် အောင်မြင်တဲ့ ကုထုံးတွေအကြောင်း ပြောနေကြတာတွေကို အများကြီး ကြားနေရပါတယ်။ ဆေးဝါးပုံစံအသစ်လိုဟာမျိုးတွေ၊ ဖျားနေတဲ့လူတွေ သောက်တဲ့ ဆေးရည်မျိုးတွေပေါ့။ ဒါပေမဲ့ ကံဆိုးတာတစ်ခုက အစောပိုင်းကာလတွေမှာ ရော ယနေ့အထိပါ ဘုရားပေးတဲ့ဆေး မရှိသေးပါဘူးဆိုတာပါပဲ" ဟု ကိုပင်က ပြောဆိုသွားခဲ့သည်။