ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက် လာသည့်အမျိုးသမီးတစ်ဦး သြဂုတ် ၂ဝ ရက် မွန်းလွဲပိုင်းက ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရာမှသေဆုံးခဲ့ကြောင်း ယင်းဆေးရုံမှ သိရသည်။အဆိုပါအမျိုးသမီးမှာ သြဂုတ် ၅ ရက်က မြဝတီနယ်စပ်ဂိတ်မှတစ် ဆင့် ထိုင်းနိုင်ငံက ပြန်လည်ဝင်ရောက် လာသူတစ်ဦးဖြစ်သည်။
အဆိုပါအမျိုးသမီးသည် သရက် ချောင်းမြို့နယ် မြို့တော်ခန်းမအတွင်း Facility Quarantine ထားရှိ၍ အသွားအလာ စောင့်ကြပ်ကြည့်ရှုခံထားရသူတစ်ဦးဖြစ်သည်။ သြဂုတ် ၁၃ ရက်၏ Covid-19 ရောဂါပိုးရှိ မရှိ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် (Swab) နမူနာ ရယူစစ်ဆေးခဲ့ရာ (Negative)အဖြေထွက်ရှိခဲ့သူဖြစ်ပြီး သေဆုံးချိန်တွင် ဆီးချိုရောဂါရင့်မာနဲ့ သွေးတိုးရောဂါ၊ နာတာရှည်ကျောက် ကပ် စတဲ့ရောဂါအခံတွေနဲ့ သေဆုံးခဲ့ ဟု ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီးမှ တာဝန်ကျဆရာဝန်က ပြောသည်။
ထားဝယ်မြို့ပြည်သူ့ဆေးရုံကြီးမှ တာဝန်ကျဆရာဝန်တစ်ဦးက ''သူက Q စခန်းဝင်နေတဲ့ စောင့်ကြည့်လူနာ ဖြစ်တယ်။ Covid-19 ကူးစက်ရော ဂါကြောင့် သေဆုံးတာမဟုတ်ပါဘူး။ အခြားရောဂါအခံတွေနဲ့ သေဆုံးတာ ဖြစ်တယ်။ သေဆုံးသူအမျိုးသမီးက အသက်(၅၁)နှစ် ဖြစ်ပါတယ်''ဟု ပြောဆိုသည်။
အဆိုပါအမျိုးသမီးမှာ Facility Quarantine တွင်နေထိုင်စဉ်အတွင်း၂၁ ရက်မပြည့်မီသေဆုံးခြင်းဖြစ်ပြီး နေအိမ်သို့ သယ်ဆောင်ခြင်းမပြုဘဲ ထားဝယ်မြို့၌ သင်္ဂြိုလ်လိုက်ကြောင်း သိရသည်။
















