ရွှေပြည်သာမြို့နယ် ရထားသံလမ်း တွင် ဖုန်း နှင့် ငွေ လုယက်မှုကျူးလွန်သူသုံးဦးကို လှည့်ကင်းအဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ဩဂုတ် ၂၂ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
ဩဂုတ် ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန် တွင် ရွှေပြည်သာမြို့နယ်၊ (၁၂)ရပ်ကွက်၊ ယင်းမာလမ်းနေ အမျိုးသမီးတစ်ဦးသည်အလုပ်မှနေအိမ်သို့ပြန်လာစဉ် ယင်းမာလမ်းဘေးရှိ ရထား သံလမ်းကို ဖြတ်ကူးစဉ်တွင် အမည်မသိ အမျိုးသား(၃)ဦးက ဓါးဖြင့်ခြိမ်းခြောက်၍ ကျပ် ၁၇,၄၀၀ နှင့် OPPO အမျိုးအစား ဖုန်းတစ်လုံး ထည့်ထားသည့် အညိုရောင်ပိုက်ဆံအိတ်ကို လုယူထွက်ပြေးသွားခဲ့သည်။
ထိုကြောင့် ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီ တောင်းခံခဲ့ရာ အမှတ်(၁၂)ရပ်ကွက်၊ အုပ်ချုပ်ရေးအဖွဲ့ များနှင့် ရွှေပြည်သာမြို့နယ်ရဲတပ်ဖွဲ့မှ လှည့်ကင်းဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များက အဆိုပါ အမည်မသိ အမျိုးသား သုံးဦးကို ဝိုင်းပတ်ပိတ်ဆို့ လိုက်လံဖမ်းဆီးခဲ့ရာ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရထားသံလမ်းဂိတ်အနီး၌ တင်စိုးဦး၊ စည်သူအောင် နှင့် ထက်လင်းအောင် တို့သုံးဦးကို ဖမ်းဆီးရမိခဲ့သည်။
လုယူခဲ့သည့် ပစ္စည်းများနှင့်အတူ ၎င်းတို့(၃)ဦးကို ရွှေပြည်သာမြို့မရဲစခန်းက အမှုဖွင့်ဖမ်းဆီးအရေးယူထားသည်။

















