ရုရှားအတိုက်အခံခေါင်းဆောင် နာဗယ်ညီ ဆေးကုသမှုခံယူရန် ဂျာမနီသို့ ရောက်ရှိ

ရုရှားအတိုက်အခံခေါင်းဆောင် နာဗယ်ညီ ဆေးကုသမှုခံယူရန် ဂျာမနီသို့ ရောက်ရှိ

မော်စကို သြဂုတ် ၂၂ - ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီနာဗယ်ညီသည် ဆေးကုသမှုခံယူရန် အတွက် ဂျာမနီနိုင်ငံသို့ သြဂုတ် ၂၂ ရက်တွင် ရောက်ရှိခဲ့ပြီဖြစ်သည်။ သြဂုတ် ၂၀ ရက် ကတည်းပင် အဆိပ်မိသည့် လက္ခဏာများဖြင့် သတိလစ်နေသော နာဗယ်ညီ၏ အခြေအနေသည် စိုးရိမ်ရသည့်အတွက် ဂျာမနီသို့ ရွှေ့ပြောင်းရန် မဖြစ်နိုင်ကြောင်း ဆိုက်ဘေးရီးယားရှိ ဆေးရုံဆရာဝန်များက ပြောကြားခဲ့သည်။

ထို့နောက်တွင် နာဗယ်ညီအား လေယာဉ်ဖြင့်သယ်ဆောင်ရန် လုံလောက်သော အခြေအနေရှိလာပြီဖြစ်သည်ဟု ဆရာဝန်များက ပြောဆိုခဲ့ပြီးနောက် သြဂုတ် ၂၂ ရက် တွင် ဘာလင်သို့ သူနာပြုလေယာဉ်ဖြင့် တိုက်ရိုက်ပို့ဆောင်ပေးခဲ့သည်။ နာဗယ်ညီအ တွက် သူနာပြုလေယာဉ်ကို ဂျာမန်အခြေစိုက် Cinema for Peace Foundation (NGO) အဖွဲ့က စီစဉ်ပေးခဲ့ခြင်းဖြစ်ပြီး ဘာလင်ရှိ Charite ဆေးရုံတွင် ကုသမှု ခံယူမည် ဖြစ်သည်။ သူနာပြု လေယာဉ်ပေါ်တွင် နာဗယ်ညီ၏ ဇနီးဖြစ်သူ ယူလီယာလည်း အတူ လိုက်ပါခဲ့သည်ဟု သိရသည်။

နာဗယ်ညီ၏ ကျန်းမာရေးဆိုးရွားချိန်ကတည်းကစ၍ အသက်ရှင်ရန် လုံးပန်းနေရသော လက်ရှိအချိန်အထိ ကူညီပေးခဲ့ကြ သူအားလုံးကို အထူးပင် ကျေးဇူးတင်ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။နာဗယ်ညီအား လေယာဉ်နှင့်သယ်ဆောင်ခွင့် ပြုရန်အတွက် ဆရာဝန်များ၏ ဆုံးဖြတ်ချက်သည် အချိန်ကြန့်ကြာမှုများ ရှိခဲ့ပြီး သောကြာနေ့ နံနက်ပိုင်းကတည်းကပင် အဆင်သင့်အနေအထားမျိုး ရှိနေခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

လေဆိပ်ရှိ ကော်ဖီဆိုင်တစ်ခုတွင် နာဗယ်ညီသောက်မည့် လက်ဖက်ရည်ထဲသို့ အဆိပ်ခတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း နာဗယ်ညီ၏ အဖွဲ့က ပြောဆိုထားပြီးဖြစ်သည်။ဂျာမနီမှ စေလွှတ်လိုက်သော သူနာပြုလေယာဉ်သည် သြဂုတ် ၂၁ စောပိုင်းကတည်းက အွမ်စ်ခ်မြို့သို့ ရောက်ရှိနေခဲ့သည်။

အောင်စိုးသူ ဘာသာပြန်သည်။