အင်တာမီလန်နည်းပြ ကွန်တီက ၎င်းအနေဖြင့် ရာသီသစ်၌ ဆက်ရှိ မည်ကို တပ်အပ်ပြောမရကြောင်း ဆီ ဗီလာအား သုံးဂိုး နှစ်ဂိုးဖြင့်ရှုံးနိမ့်ခဲ့ သော ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီး အသိ ပေးပြောကြားခဲ့သည်။ နည်းပြကွန်တီ လက်ထက် အင်တာမီလန်သည် ဆယ် စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ် အဖြစ် ဥရောပအဆင့်ပြိုင်ပွဲ ဗိုလ်လု ပွဲသို့ တက်ရောက်နိုင်ခဲ့သော်လည်း ဆီဗီလာကို မကျော်နိုင်ခဲ့ပေ။
အင်တာမီလန်သည် ဆီဗီလာနှင့် ပွဲ၌ ပွဲချိန်ငါးမိနစ်၌ပင် ဦးဆောင်ဂိုး ရခဲ့ပြီး ပထမပိုင်းပြီးဆုံးအချိန်အထိ နှစ်ဂိုးစီသရေကစားခဲ့သည်။ ဒုတိယပိုင်း ၇၄ မိနစ်တွင် လူကာကူ၏ ကိုယ့် ဂိုးကိုယ်သွင်းယူမှုကြောင့် ဆီဗီလာမှာ အဖိုးတန်အနိုင်ဂိုးရရှိခဲ့သည်။
ဂျူဗင်တပ်စ်နှင့် ချယ်လ်ဆီးနည်း ပြဟောင်းလည်းဖြစ်သူ ကွန်တီသည် ၂ဝ၁၉ ခုနှစ်က အင်တာမီလန်သို့ ရောက်ရှိခဲ့သူဖြစ်ပြီး စီးရီးအေတွင် ဒုတိယနေရာဖြင့်ပန်းဝင်ရန် စွမ်းဆောင် ပေးခဲ့သည်။ ဆီဗီလာနှင့်ပွဲမှာ ကွန်တီ၏ အင်တာမီလန်နည်းပြဘဝ နောက်ဆုံး ပွဲဟု ထင်ကြေးပေးခံနေရသည်။ ကွန် တီသည် အင်တာမီလန်အသင်း၏ ဒါရိုက်တာအဖွဲ့ဝင်များကို ပြစ်တင် ပြောဆိုမှုကြောင့် အနာဂတ်မရေမရာ ဖြစ်နေပြီး စီးရီးအေကလပ်ကို စွန့်ခွာ မည်ဟု အစောပိုင်းကတည်းကပင် သတင်းကြီးခဲ့သည်။
နည်းပြကွန်တီက ''လာမယ့်သီတင်း ပတ်မှာတော့ အသင်းတာဝန်ရှိသူတွေ နဲ့ ကျွန်တော် တွေ့ဆုံသွားမှာပါ။ ကျွန် တော့်ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ဆုံး ဖြတ်မှာပါ။ ရာသီသစ်ကြရင် အင်တာ မီလန်မှာ ဆက်ရှိမယ်ဆိုတာက ပြော မရဘူး။ သေချာတာကတော့ အဖြေ တစ်ခုထွက်ဖို့ ကျွန်တော်တို့ အတူတကွ ဆုံးဖြတ်ကြမှာပါ။ ကျွန်တော်နဲ့ဖြစ် စေ ကျွန်တော်မရှိဘဲနဲ့ဖြစ်စေ အင် တာမီလန်ဟာ အနာဂတ်အတွက် အစီအစဉ်ရှိပါလိမ့်မယ်''ဟု အသိ ပေးပြောကြားခဲ့သည်။
အင်တာမီလန်သည် ယူရိုပါလိဂ် ချန်ပီယံဖလားကို ၁၉၉၈ ခုနှစ်က နောက်ဆုံးပိုင်ဆိုင်ခဲ့ပြီး အသင်းသမိုင်း တစ်လျှောက် သုံးကြိမ်ပိုင်ဆိုင်ခဲ့သည့် အသင်းဖြစ်သည်။ အင်တာသည် ၁၉၉၇ ခုနှစ်ပြိုင်ပွဲ၌လည်း ယူရိုပါလိဂ်ဒုတိယ ဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။















