ဂျပန်လေကြောင်းလိုင်းတစ်ခု တံတောင်ဖြင့် ဖွင့်နိုင်သည့် တံခါးလက်ကိုင်ဖု စမ်းသပ်

ဂျပန်လေကြောင်းလိုင်းတစ်ခု တံတောင်ဖြင့် ဖွင့်နိုင်သည့် တံခါးလက်ကိုင်ဖု စမ်းသပ်

ဂျပန်လေကြောင်းလိုင်း All Nippon Airways (ANA) သည် သန့်စင်ခန်းများမှတစ်ဆင့် COVID-19 ကူးစက်မည်ကို စိုးရိမ်သည့် ခရီးသည်များအတွက် သန့်စင်ခန်းများ၌ တံတောင်ဆစ်ဖြင့် ဖွင့်နိုင်သည့် တံခါးလက်ကိုင်ဖုကို  စမ်းသပ်တပ်ဆင်ပေးလိုက်ပြီဖြစ်သည်။

ယခုလောလောဆယ်တွင် တိုကျိုရှိ ဟာနဲဒါလေဆိပ်၌ သြဂုတ်အကုန်ပိုင်းအထိ စမ်းသပ်တပ်ဆင်ထားမည်ဖြစ်သည်။ အများပြည်သူ၏ သုံးသပ်ချက်များကို အခြေခံပြီး ယင်းစနစ်ကို ဆက်လက်အသုံးပြုသင့်မသင့် လေကြောင်းလိုင်းက ဆုံးဖြတ်မည်ဖြစ်သည်။

ဟာနဲဒါလေဆိပ်၌ ဇွန်လလယ်ကတည်းက ယင်းစနစ်ကို ကျင့်သုံးခဲ့ခြင်းဖြစ်သည်။ လေယာဉ်များတွင်လည်း အာရုံခံစနစ်ပါသော ရေပိုက်ခေါင်းစနစ်ကို အသုံးပြုနေပြီဖြစ်ကြောင်း ANA ကပြောဆိုခဲ့သည်။ တံခါးကို လက်ဖြင့် ထိစရာမလိုဘဲ ဖွင့်နိုင်ရေး လေကြောင်းလိုင်းက နည်းလမ်းမျိုးစုံကို စဉ်းစားခဲ့သည်။

ခြေထောက်ဖြင့် နင်းပြီး တံခါးဖွင့်သည့် စနစ်ကို စဉ်းစားမိသော်လည်း လေလှိုင်းအခြေအနေနှင့် ခရီးသည် ဟန်ချက်ပျက်မည်ကို စိုးရိမ်သည့်အတွက် လုံခြုံရေးအကြောင်းပြချက်ဖြင့် အကောင်အထည်မဖော်ခဲ့ချေ။  ယခုကျင့်သုံးနေသည့် စနစ်အတွက် အရပ်ဘက်ပျံသန်းရေးအာဏာပိုင်များ၏ခွင့်ပြုချက်ကိုရယူရဦးမည်ဖြစ်သည်။

ရီလွင် ဘာသာပြန်သည်။