တောင်ကိုရီးယား၌ COVID-19  ကူးစက်သူသစ် ၃၉၇ ဦးဖြင့် တစ်ရက်အတွင်း စံချိန်တင်

တောင်ကိုရီးယား၌ COVID-19  ကူးစက်သူသစ် ၃၉၇ ဦးဖြင့် တစ်ရက်အတွင်း စံချိန်တင်

တောင်ကိုရီးယားနိုင်ငံ၌ သြဂုတ် ၂၃ ရက်တွင် COVID-19 ကူးစက်သူသစ် ၃၉၇ ဦးရှိခဲ့ပြီး ယင်းသည် ကူးစက်မှုစတင်ချိန် မတ်အစောပိုင်းမှစ၍ တစ်ရက်အတွင်း ကူးစက်သူသစ်စံချိန်တင်ခဲ့ခြင်းဖြစ်ကြောင်း ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာနက ထုတ်ပြန်ခဲ့သည်။

ဆိုးလ်မြို့၌ ပြုလုပ်ခဲ့သည့် ဘုရားကျောင်းအခမ်းအနားတစ်ခုနှင့် အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများမှတစ်ဆင့် ကူးစက်ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယား၌ သြဂုတ် ၂၂ ရက်တွင် COVID-19 ကူးစက်သူသစ် ၃၃၂ ဦးရှိခဲ့သည်။ ယင်းကြောင့် တောင်ကိုရီးယား၌ တစ်ရက်လျှင် ကူးစက်သူ ဂဏန်းသုံးလုံးရှိနေသည်မှာ ရက်သတ္တပတ်တစ်ပတ်ရှိခဲ့ပြီဖြစ်သည်။

တောင်ကိုရီးယား၌ COVID-19 ကူးစက်ူ ၁၇၃၉၉ ဦးနှင့် သေဆုံးသူ ၃၀၉ ဦးရှိနေပြီဖြစ်သည်။ သြဂုတ် ၂၃ ရက်မှစ၍ ဆိုးလ်အပြင်ဘက်ဒေသများတွင် ကူးသန်းသွားလာမှုကန့်သတ်ချက်များကို တင်းကျပ်ပြီး ဘုရားကျောင်းများတွင် ဘာသာရေးအခမ်းအနားများကျင်းပမှုကို ရပ်ဆိုင်းပြီး နိုက်ကလိပ်များကို ပိတ်သိမ်းထားရန် ညွှန်ကြားချက် သက်ရောက်ခဲ့သည်။

ကူးစက်သူသစ်ဦးရေ တိုးလာပါက အတင်းကျပ်ဆုံးဖြစ်သည့် အဆင့်သုံး ကူးသန်းသွားလာမှုပိတ်ပင်ချက်ကို ချမှတ်မည်ဖြစ်ကြောင်း အာဏာပိုင်များကပြောဆိုခဲ့သည်။ စာသင်ကျောင်းများနှင့် စီးပွားရေးလုပ်ငန်းများကို ပိတ်သိမ်းထားရမည်ဖြစ်သည်။

အစိုးရ၏လမ်းညွှန်ချက်များကို လိုက်နာသည့်အနေဖြင့် ဂျဲဂျူးကျွန်းသို့သွားရောက်၍ အပန်းဖြေမည့် အစီအစဉ်ကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံသားတချို့က လူမှုမီဒီယာများတွင်ရေးသားခဲ့သည်။ အစွန်းရောက် ဘာသာရေးဆရာတစ်ဦး ဦးဆောင်သည့် ဘုရားကျောင်းတစ်ကျောင်းမှ စတင်ခဲ့သည့် ကူးစက်မှုသည် အခြားလူရာပေါင်းများစွာသို့ ဆက်လက်ကူးစက်ခဲ့သောကြောင့် တောင်ကိုရီးယား၌ ကူးစက်မှု လုံးဝကို ပြန်လည်စတင်ပြီဖြစ်ကြောင်း ကျန်းမာရေးအာဏာပိုင်များက သြဂုတ် ၂၁ ရက်တွင် ပြောဆိုခဲ့သည်။

ဆိုးလ်၌ သြဂုတ် ၁၅ ရက်တွင် ပြုလုပ်ခဲ့သည့် အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများမှတစ်ဆင့်လည်း ကူးစက်မှုတိုးမြင့်ခဲ့သည်။