အိန္ဒိယ၌ COVID-19 ကူးစက်သူ ၂ ဒသမ ၉၈ သန်းရှိနေပြီဖြစ်

အိန္ဒိယ၌ COVID-19 ကူးစက်သူ ၂ ဒသမ ၉၈ သန်းရှိနေပြီဖြစ်

အိန္ဒိယနိုင်ငံ၌ သြဂုတ် ၂၂ ရက်တွင် COVID-19  ကူးစက်သူသစ် ၆၉၈၇၈ ဦးရှိခဲ့သောကြောင့် စုစုပေါင်းကူးစက်သူ ၂ ဒသမ ၉၈ သန်းရှိနေပြီဖြစ်ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အိန္ဒိယ၌ သြဂုတ် ၂၂ ရက်အထိ တစ်ရက်လျှင် ကူးစက်သူသစ် ၆၀၀၀၀ အထက်ရှိနေသည်မှာ လေးရက်ဆက်တိုက်ရှိနေပြီဖြစ်သည်။ အိန္ဒိယသည် COVID-19  ကူးစက်သူဦးရေတွင် အမေရိကန်ပြည်ထောင်စုနှင့် ဘရာဇီးပြီးနောက် တတိယအများဆုံးနိုင်ငံဖြစ်နေပြီဖြစ်သည်။ သြဂုတ် ၂၂ ရက်တွင် COVID-19  ဖြင့်သေဆုံးသူ ၉၄၅ ဦးရှိခဲ့သောကြောင့် သေဆုံးသူ ၅၅၇၉၄ ဦးရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

တစ်ချိန်တည်းမှာပင် အိန္ဒိယနိုင်ငံ အနောက်ပိုင်း အထူးသဖြင့် မွမ်ဘိုင်း၌ ၁၁ ရက်ကြာ မဟာပိန္နဲပူဇော်ပွဲကို ကျင်းပတော့မည်ဖြစ်သည်။ မွမ်ဘိုင်းမြို့၌ မကြာသေးမီရက်များအတွင်း တစ်ရက်လျှင် COVID-19 ကူးစက်သူသစ် ၁၀၀၀ ကျော်ရှိနေသည်။ မွမ်ဘိုင်း၌ COVID-19 ကူးစက်သူ ၁၃၄၀၀၀ ဦးရှိနေပြီဖြစ်သည်။ သို့သော် တင်းကျပ်သော ကူးသန်းသွားလာမှုကန့်သတ်ချက်များကြောင့် ဘာသာရေးပွဲတော်ကို လူစုလူဝေးဖြင့် ပြုလုပ်ရန် မဖြစ်နိုင်ချေ။

အိန္ဒိယ၌ COVID-19 ရှိမရှိ အချိန်တိုတွင်း စစ်ဆေးအဖြေထုတ်ပေးသည့် နည်လမ်းနှင့်ပတ်သက်၍လည်း ဝေဖန်မှုများရှိနေပြီဖြစ်သည်။ အချိန်တိုတွင်း စစ်ဆေးအဖြေထုတ်သည့် စနစ်ကြောင့် နှစ်လအတွင်း စစ်ဆေးမှုအဆင့်ကို ငါးဆတိုးမြှင့်နိုင်ခဲ့သည်။ သို့သော် နိုင်ငံတွင်းရှိ ဒေသအတော်များများသည် အဆိုပါစနစ်အပေါ် အလွန်အမင်းအားကိုးနေကြောင်း အစိုးရ၏စာရင်းအင်းများတွင်ဖော်ပြထားသည်။ အဆိုပါစနစ်ကို အသုံးပြုပါက မကြာခဏ ပြန်လည်စစ်ဆေးပေးရန် လိုအပ်ကြောင်း ကျွမ်းကျင်သူများကပြောဆိုခဲ့သည်။