တရုတ်နိုင်ငံ၌ အင်းဆက်ပိုးမွှားများ၏ကလာပ်စည်းများတွင်း ပရိုတိန်းဓာတ်ကို မွေးမြူပြီး ထုတ်လုပ်ထားသည့် COVID-19 ကာကွယ်ဆေးကို လူသား၌ စမ်းသပ်ခွင့်ရရှိပြီဖြစ်ကြောင်း နိုင်ငံအနောက်တောင်ပိုင်းရှိ ချန်တုမြို့အုပ်ချုပ်ရေးအဖွဲ့က သြဂုတ် ၂၂ ရက်တွင် ပြောဆိုခဲ့သည်။
တရုတ်နိုင်ငံသည် ကုန်ကျစရိတ်နည်းသည့် COVID-19 ကာကွယ်ဆေးများ ထုတ်လုပ်နိုင်ရန် အပြင်းအထန်ကြိုးပမ်းနေသည်။ အင်းဆက်ကလာပ်စည်းများထဲတွင် မွေးမြူထားသည့် ပရိုတိန်းများကိုသုံးသည့် COVID-19 ကာကွယ်ဆေးသည် တရုတ်၌ ပထမဆုံးစမ်းသပ်ထုတ်လုပ်ခြင်းဖြစ်သည်။ ထုတ်လုပ်ရလွယ်ကူသောကြောင့် အမြောက်အများထုတ်လုပ်နိုင်စွမ်းရှိနေကြောင်း ချန်တုအစိုးရကပြောဆိုခဲ့သည်။
ချန်တုရှိ စီချွမ်တက္ကသိုလ်မှ အနောက်တရုတ်တက္ကသိုလ်က ထုတ်လုပ်ထားသည့် ကာကွယ်ဆေးကို အမျိုးသားဆေးဝါးထုတ်ကုန်အုပ်ချုပ်ရေးအဖွဲ့က လူသားတွင် စမ်းသပ်ရန် ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါ ကာကွယ်ဆေးကို မျောက်များတွင် စမ်းသပ်ခဲ့ရာ SARS-CoV-2 ဗိုင်းရပ်စ်ကို ဘေးထွက်ဆိုးကျိုးနှစ်ခုဖြင့် တားဆီးနိုင်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။ တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးရှစ်မျိုးကို အဆင့်အမျိုးမျိုး၌ စမ်းသပ်နေပြီဖြစ်သည်။
ဂျာမနီရှိ BioNTech နှင့် အမေရိကန်ပြည်ထောင်စုရှိ Inovio Pharma တို့သည် ကာကွယ်ဆေးထုတ်လုပ်နိုင်ရေးအတွက် တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်နေသည်။

















