ပေါင်းတည်မြို့၌ လင်မယားနှစ်ဦး ကြိုးဆွဲချ သေဆုံးပုပ်ပွနေ

ပေါင်းတည်မြို့၌ လင်မယားနှစ်ဦး ကြိုးဆွဲချ သေဆုံးပုပ်ပွနေ

ပေါင်းတည်မြို့၌ ကြိုးဆွဲချသည့်အနေအထားဖြင့် သေဆုံးပုပ်ပွနေသည့် လင်မယားနှစ်ဦး၏ အလောင်းတွေ့ရှိမှုကို သေမှုသေခင်းဖွင့်လှစ်စစ်ဆေးလျက်ရှိကြောင်း သြဂုတ် ၂၄ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ သိရသည်။ 

သြဂုတ်၂၃ ရက် မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် ပေါင်းတည်မြို့နယ်၊ ညောင်ကပ္ပင်အုပ်စု၊ ပေါက်မှော်ရွာ၌ လင်မယားနှစ်ဦး ကြိုးဆွဲချ သေဆုံးနေကြောင်း သတင်းအရ စခန်းမှူးဒုရဲမှူးမြင့်သိန်းနှင့်အဖွဲ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

အခင်းဖြစ်နေအိမ်တွင် ကျော်လင်း (၃၃)နှစ် နှင့် ၎င်း၏ ဇနီး မစန္ဒာ(၃၉)နှစ် တို့မှာ အိမ်ဝါးထုတ်တန်း၌ သုံးပင်လိမ်နိုင်လွန်ကြိုးအား တစ်ဖက်တစ်ချက်စီကြိုးကွင်း ပြုလုပ်လျက် သေဆုံး ပုပ်ပွနေသည်ကို တွေ့ရသည်။

စုံစမ်းချက်အရ သေဆုံးသူကျော်လင်းမှာ အရက်သေစာသောက်စားလေ့ရှိသူဖြစ်ပြီး အရက်ကြောင်၍ ၎င်းတို့ လင်မယားနှစ်ဦးမှာလည်း မကြာခဏစကားများရန်ဖြစ်လေ့ရှိကြောင်း၊ သေဆုံးသူကျော်လင်းအား မတွေ့ရှိရဘဲ ပျောက်ဆုံးနေသည်မှာ ၃/၄ ရက်ခန့်ရှိပြီဖြစ်၍ သေဆုံးသူ၏ ညီဖြစ်သူကျော်မင်းလွင်က နေအိမ်သို့သွားရောက်ခဲ့ပြီး အိမ်ရှေ့မှ နာမည်ခေါ်ကြည့်ရာ ပြန်လည်ဖြေကြားခြင်း မရှိသဖြင့် အိမ်ပေါ်သို့ တက်ရောက်ကြည့်ရှုရာမှ နေအိမ်ပေါ်၌ လင်မယားနှစ်ဦးစလုံး ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ ၂ ဦးကို ပေါင်းတည်ဆေးရုံသို့ ပို့အပ်ရာ ပီအာရ် ၅၅/၂၀၂၀ ဖြင့်လက်ခံထားပြီး ပေါင်းတည် မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၇/၂၀၂၀ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။