ဂျာမန်အင်အားကြီး ဘိုင်ယန်မြူးနစ် သည် သြဂုတ် ၂၃ ရက်က လစ္စဘွန်းတွင် ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ပီအက်စ်ဂျီနှင့် ယှဉ်ပြိုင်ခဲ့ရာ တောင်ပံကစားသမားကိုမန်း၏ ခေါင်းတိုက်ဂိုးကြောင့် တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရကာ အသင်းသမိုင်းတစ်လျှောက် ခြောက်ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့ပြီး ချန်ပီယံလိဂ်ထူးကဲ စံချိန်တစ်ခု ကိုလည်း ပိုင်ဆိုင်ခဲ့ကြောင်း သိရသည်။
ပီအက်စ်ဂျီတိုက်စစ်၌ နေမာ၊ အမ်ဘက် ပီနှင့် ဒီမာရီယာတို့ပါဝင်ကာ ဘိုင်ယန်တိုက် စစ်ကို လီဝမ်ဒေါ့စကီး ဦးဆောင်ခဲ့သည်။ ပီအက်စ်ဂျီတိုက်စစ်မှူးများမှာ ပထမပိုင်း၌ ဂိုးသွင်းခွင့်များရခဲ့သော်လည်း ဂိုးရလိုစိတ် စောခဲ့ပြီးနေမာ၏ ကန်သွင်းချက်များကို ဘိုင်ယန်ဂိုးသမား နျူအာကာကွယ်နိုင်ခဲ့သည်။ ဘိုင်ယန်သည် ပထမပိုင်း၌ ဂိုးမသွင်း နိုင်ခဲ့သော်လည်း ၅၉ မိနစ်တွင် အနိုင်ဂိုးရ ခဲ့ရာ ကင်မစ်ချ်၏ ဖြတ်တင်ဘောကို ကိုမန်း က ခေါင်းတိုက်သွင်းခဲ့သည်။
ပွဲထွက်လူစာရင်းတွင် ကွင်းလယ်ဘယ် ခြမ်း၌ ပါရီဆစ်ကို အနားပေးပြီး ကိုမန်းကို အသုံးပြုခဲ့သည့် ဘိုင်ယန်နည်းပြ ဖလစ်ခ်၏ ဆုံးဖြတ်ချက်မှန်ကန်ခဲ့သည်။ ဘိုင်ယန်သည် ၂ဝ၁၂- ၁၃ ရာသီနောက်ပိုင်း ချန်ပီယံလိဂ် ပြန်ရခဲ့ခြင်းဖြစ်ပြီး ခြောက်ကြိမ်မြောက်ပိုင်ဆိုင် လာခဲ့သည်။ ထို့ပြင် ဘိုင်ယန်သည် ယခုရာသီ ချန်ပီယံလိဂ်တွင် ၁၁ ပွဲအနိုင်ကစားပြီးနောက် ဥရောပဖလား/ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ရာနှုန်းပြည့်နိုင်ပွဲဖြင့် ချန်ပီယံ ဖြစ်ခဲ့သော ပထမဆုံးကလပ် ဖြစ်ခဲ့သည်။
ဘိုင်ယန်မြူးနစ်သည် ရီးရဲလ်မက်ဒရစ် (၅၆၇ ဂိုး)၊ ဘာစီလိုနာ(၅၁၇ ဂိုး) တို့ပြီးနောက် ချန်ပီယံလိဂ်တွင် ဂိုး ၅ဝဝ ပြည့်လာသော တတိယမြောက်အသင်း ဖြစ်လာခဲ့သည်။
ဘိုင်ယန်သည် ယခုနှစ်တွင် ဘွန်ဒက်စ် လီဂါ၊ ပိုကယ်ဖလားနှင့် ချန်ပီယံလိဂ်ဖလား ကိုပါ ရယူနိုင်ခဲ့ပြီး ဖလားသုံးလုံး သိမ်းပိုက် ခဲ့သည်။ အသင်းအတွက် ဂုဏ်ယူမိကြောင်း နည်းပြဖလစ်ခ်က ဆိုသည်။ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆု ရခဲ့သော ကိုမန်းက အသင်းအတွက် ပျော်ရွှင်မိသော် လည်း ကလပ်ဟောင်း ပီအက်စ်ဂျီအတွက် စိတ်မကောင်းဖြစ်မိဟု ပြောသည်။















