ဆိုးလ်မြို့၌ COVID-19 ကူးစက်တိုးလာသဖြင့် နှာခေါင်းစည်းမတပ်မနေရ စည်းမျဉ်းထုတ်

ဆိုးလ်မြို့၌ COVID-19 ကူးစက်တိုးလာသဖြင့် နှာခေါင်းစည်းမတပ်မနေရ စည်းမျဉ်းထုတ်

တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်၌ COVID-19 ကူးစက်သူဦးရေ တိုးလာသဖြင့် သြဂုတ် ၂၄ ရက်မှစ၍ အလုံပိတ်နှင့် လေဟာပြင် အများပြည်သူဆိုင်ရာနေရာများတွင် နှာခေါင်းစည်းမတပ်မနေရ စည်းမျဉ်းကို ထုတ်ပြန်လိုက်ပြီဖြစ်သည်။

မေတွင် ဆိုးလ်မြို့အုပ်ချုပ်ရေးအဖွဲ့သည် အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်နှင့် တက္ကစီစီးနင်းရာတွင် နှာခေါင်းစည်းတပ်ရန် ညွှန်ကြားခဲ့သော်လည်း မကြာသေးမီတွင် ကူးစက်သူဦးရေ အဆမတန် တိုးလာသဖြင့် ကူးသန်းသွားလာမှုဆိုင်ရာ အတင်းကျပ်ဆုံးစည်းမျဉ်းများကို ထုတ်ပြန်ခဲ့ရသည်။

ဒီအပတ်အတွင်း ကူးစက်မှုနှုန်းကို မလျှော့ချနိုင်ဘူးဆိုရင် အင်မတန်ကို ဆိုးရွားတဲ့ အကျပ်အတည်းရှိလာမှာပါ၊ ဗိုင်းရပ်စ်က တစ်နိုင်ငံလုံးကို ကူးစက်သွားမှာဖြစ်ပါတယ် ဟု ကျန်းမာရေးဝန်ကြီး ယွန်းထေဟိုကပြောဆိုခဲ့သည်။

သြဂုတ် ၂၃ ရက် သန်းခေါင်ယံအထိ COVID-19 ကူးစက်သူသစ် ၂၆၆ ဦးရှိခဲ့ကြောင်း ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာနက ထုတ်ပြန်ခဲ့သည်။ တောင်ကိုရီးယား၌ တစ်ရက်လျှင် ကူးစက်သူသစ် ဂဏန်းသုံးလုံးရှိနေမှာ ရက်သတ္တပတ်တစ်ပတ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။

တောင်ကိုရီးယား၌ COVID-19 ကူးစက်သူ ၁၇၆၆၅ ဦးနှင့် သေဆုံးသူ ၃၀၉ ဦးရှိနေသည်။ မကြာသေးမီတွင်ရှိခဲ့သည့် COVID-19 ကူးစက်သူသစ်များအနက် ၂၀ ရာခိုင်နှုန်းသည် ကူးစက်သည့် အကြောင်းအရင်းကိုမသိရသည့် ကွင်းဆက်ပြတ်လူနာများဖြစ်ကြကြောင်း ယွန်းကပြောဆိုခဲ့သည်။

ဗဟိုအစိုးရသည် ဆိုးလ်မြို့၌ ချမှတ်ထားသည့် အဆင့်(၂) ကူးသန်းသွားလာမှုကန့်သတ်ချက်ကို နိုင်ငံတွင်းရှိ အခြားဒေသများသို့လည်း တိုးချဲ့ချမှတ်ခဲ့ကာ ဘုရားကျောင်းများ အခမ်းအနားများကျင်းပခြင်းကိုလည်း ပိတ်ပင်ခဲ့သည်။

နိုင်ငံတွင်းရှိ ဒေသကြီး ၁၇ ခုတို့တွင် COVID-19 ကူးစက်သူများရှိနေသဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် ကူးစက်နေပြီဖြစ်ကြောင်း ကျန်းမာရေးအရာရှိများကပြောဆိုခဲ့သည်။