ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် သြဂုတ် ၂၄ ရက်တွင် တိုကျိုရှိ ဆေးရုံတစ်ရုံသို့သွားရောက်ခဲ့ပြီး ယင်းသည် မကြာသေးမီရက်ပိုင်းအတွင်း ဒုတိယအကြိမ်မြောက် သွားရောက်ခြင်းဖြစ်သောကြောင့် ၎င်း၏ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ သို့လောသို့လော ပြောဆိုမှုများရှိနေပြီဖြစ်သည်။
အာဘေးသည် လွန်ခဲ့သောအပတ်တွင် ကဲအိယိုတက္ကသိုလ်ဆေးရုံသို့ သွားရောက်ကျန်းမာရေးစစ်ဆေးမှု၏နောက်ဆက်တွဲအဖြစ် ဆေးရုံသို့ရောက်ရှိနေခြင်းဖြစ်ကြောင်း အစိုးရအဖွဲ့၏ပြောခွင့်ရှိသူ ယိုရှီဟီဒဲ ဆူဂါကပြောဆိုခဲ့သည်။ လွန်ခဲ့သောအပတ်တွင် အာဘေးသည် ခုနစ်နာရီခွဲကြာ စစ်ဆေးမှုခံယူခဲ့သည်။
သို့သော် အာဘေးသည် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုထက် နာတာရှည်ရောဂါတစ်မျိုးအတွက် ကုသမှုခံယူနေခြင်းဖြစ်ကြောင်း Nippon TV ရုပ်သံဌာနက အစိုးရနှင့် အာဏာရပါတီသတင်းအရင်းအမြစ်များကို ကိုးကားဖော်ပြခဲ့သည်။
လွန်ခဲ့သောအပတ်တွင် ပြုလုပ်ခဲ့သည့် စစ်ဆေးမှု၏နောက်ဆက်တွဲစစ်ဆေးမှုသာဖြစ်ကြောင်း သတင်းရရှိထားသည်ဟု ဝန်ကြီးအဖွဲ့အတွင်းဝန်ချုပ်ဖြစ်သလို အာဘေး၏နေရာကို ဆက်ခံနိုင်ခြေရှိသူများအနက် တစ်ဦးဖြစ်သည့် ဆူဂါက သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။
ဂျပန်၏သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်ဖြစ်သော အာဘေးသည် သြဂုတ် ၂၄ ရက်တွင် ဂျပန်၏နှစ်ရှည်ဆက်တိုက်တာဝန်ထမ်းဆောင်မှု သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်အဖြစ် စံချိန်တင်နိုင်ခဲ့ပြီဖြစ်သည်။ ယင်းကြောင့် အာဘေးသည် တာဝန်ထမ်းဆောင်မှုသက်တမ်းစံချိန်တင်နိုင်ခဲ့ပြီဖြစ်သောကြောင့် မကြာမီတွင် နုတ်ထွက်နိုင်ခြေရှိနေကြောင်း ပြောဆိုမှုများလည်းရှိနေခဲ့သည်။
အာဘေးသည် ရောဂါတစ်မျိုးကြောင့် ၂၀၀၇ ခုနှစ်တွင် ဝန်ကြီးချုပ်အဖြစ် ပထမအကြိမ်ထမ်းဆောင်မှုမှ နုတ်ထွက်ခဲ့သည်။ ၎င်းသည် ၂၀၁၂ ခုနှစ်ကတည်းက အာဏာပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။
အာဘေးသည် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုခံယူခြင်းသာဖြစ်ပြီး ကျန်းမာရေးအတွက် စိုးရိမ်စရာမရှိကြောင်း ကျန်းမာရေးဝန်ကြီး ကတ်ဆုနိုဘူ ကာတိုက လွန်ခဲ့သောအပတ်တွင် ပြောဆိုခဲ့သည်။

















