အိန္ဒိယနိုင်ငံ၌ သြဂုတ် ၂၄ ရက်တွင် COVID-19 ကူးစက်သူသစ် ၆၁၄၀၈ ဦးရှိခဲ့သောကြောင့် ကူးစက်သူစုစုပေါင်း ၃ ဒသမ ၁ သန်းကျော်သွားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အိန္ဒိယ၌ သြဂုတ် ၂၃ ရက်တွင် COVID-19 ကူးစက်သူ သုံးသန်းပြည့်မြောက်ခဲ့သည်။ အိန္ဒိယ၌ COVID-19 ကူးစက်သူ နှစ်သန်းပြည့်မြောက်ပြီး ၁၇ ရက်အကြာတွင် နောက်ထပ်တစ်သန်းတိုးကာ သုံးသန်းအထိရှိလာခဲ့ခြင်းဖြစ်သည်။ အိန္ဒိယသည် အာရှ၌ COVID-19 ဒဏ်ကို အခံရဆုံးဖြစ်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ဘရာဇီးပြီးနောက် ကူးစက်သူတတိယအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေသည်။
သြဂုတ် ၂၄ ရက်အထိ ၂၄ နာရီအတွင်း COVID-19 ဖြင့်သေဆုံးသူ ၈၃၆ ဦးရှိခဲ့သောကြောင့် သေဆုံးသူ ၅၇၅၄၂ ဦးရှိနေပြီဖြစ်သည်။ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီ၌ နေထိုင်သူ ၅ ဒသမ ၈ သန်းကျော်သို့မဟုတ် နယူးဒေလီမြို့နေ သန်း ၂၀ ခန့် အနက် လေးပုံတစ်ပုံကျော်သည် COVID-19 ကူးစက်ခံထားရသော်လည်း ရောဂါလက္ခဏာမပြသူများဖြစ်နိုင်ကြောင်း သြဂုတ် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည့် လေ့လာမှုတစ်ခုအရသိရသည်။
ဒေလီမြို့နေ ၁၅၀၀၀ ခန့်ရှိ ပဋိပစ္စည်းပမာဏကိုလေ့လာခဲ့ရာမှ ယခုကဲ့သို့ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဒေလီ၌ COVID-19 ကူးစက်သူ ၁၅၆၁၃၉ ဦးရှိနေကြောင်း အစိုးရ၏ထုတ်ပြန်ထားသည့် ပမာဏထက် အဆပေါင်း ၃၇ ဆကျော်ပိုမိုများပြားနေသည်။
သြဂုတ်အစောပိုင်းတွင် မြို့နေ ၁၅၀၀၀ တို့အား သွေးနမူနာယူစစ်ဆေးခဲ့ရာ ၎င်းတို့အနက် ၂၉ ဒသမ ၁ ရာခိုင်နှုန်းသည် ဗိုင်းရပ်စ်ကိုတိုက်ဖျက်သည့် ပဋိပစ္စည်းများထုတ်ပေးနေကြောင်း တွေ့ရှိခဲ့သည်ဟု ဒေလီကျန်းမာရေးဝန်ကြီး ဆတြန်ဒရာ ဂျိန်းကပြောဆိုခဲ့သည်။ ဇွန်နှင့် ဇူလိုင်တို့တွင်လည်း အလားတူလေ့လာခဲ့ရာ အစမ်းသပ်ခံ ၂၃ ရာခိုင်နှုန်းသည် တစ်ချိန်ချိန်၌ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရကြောင်း တွေ့ရှိခဲ့သည်။

















