အဖမ်းခံရမည်ကို တစ်ချိန်လုံး စိုးရိမ်နေရကြောင်း ဟောင်ကောင်အရေးလှုပ်ရှားသူ ဂျိုရှိုယာ ဝေါင် ဝန်ခံ

အဖမ်းခံရမည်ကို တစ်ချိန်လုံး စိုးရိမ်နေရကြောင်း ဟောင်ကောင်အရေးလှုပ်ရှားသူ ဂျိုရှိုယာ ဝေါင် ဝန်ခံ

ဟောင်ကောင်၌ အမျိုးသားလုံခြုံရေးဥပဒေ သက်ရောက်ချိန်မှစ၍ အဖမ်းခံရမည်ကို တစ်ချိန်လုံး စိုးရိမ်ခဲ့ရကြောင်း ဟောင်ကောင်ရှိ ဒီမိုကရေစီအရေးလှုပ်ရှားသူ ဂျိုရှုယာ ဝေါင်က သြဂုတ် ၂၃ ရက်တွင် ပြောဆိုခဲ့သည်။

ဆန္ဒပြမှုများတွင် ပါဝင်မှုကြောင့် အဖမ်းခံရနိုင်ခြေရှိနေသော်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိထားသော ဟောင်ကောင်၌ တရုတ်က ဝင်ရောက်ခြယ်လှယ်နေမှုများကို ဆန့်ကျင်ပြောဆိုရမည့် တာဝန်ရှိနေကြောင်း အသက် ၂၃ နှစ်အရွယ် ဝေါင်ကပြောဆိုခဲ့သည်။

အဲဒင်ဘရာနိုင်ငံတကာစာအုပ်ပွဲတော်သို့ အွန်လိုင်းမှတစ်ဆင့် မတက်ရောက်မီတွင် ၎င်း၏နောက်သို့ တရုတ်နှင့်ဟောင်ကောင်လိုင်စင်နံပါတ်ပါသည့် မော်တော်ယာဉ်တစ်စင်းက နောက်ယောင်ခံလိုက်ခဲ့ကြောင်း ဝေါင်ကပြောဆိုခဲ့သည်။

ဟောင်ကောင်ရှိ ဗစ်တိုးရီးယားပိခ်သို့ မိတ်ဆွေများနှင့်အတူသွားရောက်ရာတွင်လည်း တရုတ်လိုလားသူတစ်စုက ဓာတ်ပုံရိုက်ပြီး ဆဲဆိုခဲ့ကြောင်း ဝေါင်က ဆက်လက်ပြောဆိုခဲ့သည်။ သို့သော် ယမန်နှစ်တွင် ဆန္ဒပြမှုများအတွင်း ကျည်ဆန်အစစ်ဖြင့် ပစ်ခတ်ခံရသူများကြံုခဲ့ရသည့် ဒုက္ခနှင့် နှိုင်းစာလျှင် ယခုကဲ့သို့ စောင့်ကြည့်ခံရမှုသည် မပြောပလောက်ကြောင်း ၎င်းကပြောဆိုခဲ့သည်။

တရုတ်က ဟောင်ကောင်၌ ဇွန်လအကုန်ပိုင်းတွင် သက်ရောက်စေခဲ့သည့် လုံခြံုရေးဥပဒေကြောင့် အနာဂတ်အတွက် ပြင်ဆင်ရန် ခက်ခဲလာကြောင်း ဝေါင်က ပြောဆိုခဲ့သည်။