မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင် ဦးမြို့နယ် ပုဂံမြို့သစ် လောကနန္ဒာဘေးမဲ့တော ဥယျာဉ်ရှိ ကြယ်လိပ်ခြံမှ ဒုတိယအကြိမ်အဖြစ် ရင် ချင်းဆက် အမြွှာကြယ်လိပ်နှစ်ကောင် ပေါက်ဖွားခဲ့ ပြီး သြဂုတ် ၂၄ ရက်အထိ ကျန်းမာရေး ကောင်းမွန်ကာ ရင်ချင်းဆက် ကြယ်လိပ်မွေးဖွားမှု အောင်မြင်ခဲ့ကြောင်း လောကနန္ဒာဘေးမဲ့တောဥယျာဉ် တာဝန်ရှိ သူများထံမှ သိရသည်။
"လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်မှာ ကြယ်လိပ်များကို ၂၀ဝ၁ ခုနှစ်က စတင်ပြီး ခြံလှောင်မွေးမြူခဲ့ တာပါ။ အဲဒီလိုနဲ့ ၂၀၂၀ ပြည့်နှစ် မေ ၃၀ ရက်က ကြယ်လိပ်အမြွှာလေးတွေက ဥကို ဖောက်ထွက်နေတာကို မြင်တွေ့ခဲ့ရတာပါ။ ၂၀၁၇ ခုနှစ်ကလည်း ခုလို ရင်ချင်းဆက် အမြွှာကြယ်လိပ်ကလေးကို တွေ့ခဲ့ရပြီး ဖြစ်ပါတယ်"ဟုလောကနန္ဒာ ဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင်က ပြောသည်။
လောကနန္ဒာ ဘေးမဲ့တောဥယျာဉ် ကြယ်လိပ်ခြံတွင် ယခုနှစ် သားပေါက် ရာသီ၌ ကြယ်လိမ်မ ၁၃၇ ကောင်မှ ကြယ်လိပ်ဥ ၃၂၀၅ လုံးဥခဲ့ပြီး ဥကျင်း ပေါင်း ၄၁၄ ကျင်း ဆောင်ရွက်ခဲ့ရာမှ အဆိုပါဥများထဲရှိ ကြယ်လိပ်ဥ တစ် လုံးမှာ ရင်ချင်းဆက် အမြွှာကြယ်လိပ် နှစ်ကောင်ကို လောကနန္ဒာဥယျာဉ် တွင် ဒုတိယအကြိမ်အဖြစ် ပေါက်ဖွား ခဲ့ကြောင်းသိရသည်။
လောကနန္ဒာကြယ်လိပ်ခြံမှ ကြယ်လိပ်များအား မူရင်းဒေသများသို့ ဌာန နှင့်ပူးပေါင်း၍ ပြန်လည်စေလွှတ်ပေး ရန် စီစဉ်လျက်ရှိကြောင်း လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်မှသိရသည်။
















