ဆိုးလ်မြို့ရှိ စာသင်ကျောင်းများနှင့် မူကြို ကျောင်းများအားလုံး ပိတ်သိမ်းပြီး အွန်လိုင်းသင်ကြားမှုစနစ်သို့ ပြောင်းလဲကျင့်သုံးရန် တောင်ကိုရီးယားအစိုးရက သြဂုတ် ၂၅ ရက်တွင် ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။
တောင်ကိုရီးယား၌ ခြေရာခံခြင်း၊ ဓာတ်ခွဲနမူနာစစ်ဆေးခြင်းနှင့် ကုသခြင်းများကြောင့် COVID-19 ကူးစက်မှုကို အစောပိုင်းတွင် အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သော်လည်း လက်ရှိတွင် ဘုရားကျောင်းများနှင့် ဆက်စပ်မှု အများဆုံး ရှိနေသော ကူးစက်ပျံ့နှံ့မှုများကို ထိန်းချုပ်နိုင်ရန် အပြင်းအထန်ကြိုးပမ်းနေရသည်။
သြဂုတ် ၂၅ ရက်တွင် တောင်ကိုရီးယား၌ COVID-19 ကူးစက်သူသစ် ၂၈၀ ရှိခဲ့သောကြောင့် စုစု ပေါင်း ကူးစက်သူ ၁၇၉၄၅ ရှိနေပြီဖြစ်သည်။ ယင်းဦးရေသည် သြဂုတ် ၂၂ ရက်တွင် တစ်ရက်အတွင်း ကူးစက်သူ ၃၉၇ ဦးဖြင့် စံချိန်တင်ရှိခဲ့ပြီးနောက် လျော့ကျလာခြင်းဖြစ်သည်။
ယခုကူးစက်သူဦးရေသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကြည့်လျှင် နည်းပါးသော်လည်း ရက်သတ္တပတ်ပေါင်းများစွာ ကူးစက်သူသစ် ၃၀၊ ၄၀ ဝန်းကျင်သာရှိခဲ့ပြီးနောက် ၁၂ ရက်ဆက်တိုက် ကိန်းဂဏန်း ၃ ခုဖြင့် ကူးစက်သူသစ် တိုးပွားခဲ့ခြင်းဖြစ်သည်။
တောင်ကိုရီးယားလူဦးရေ၏ ထက်ဝက်ခန့်ရှိနေသော မြို့တော် ဆိုးလ်၌ ကူးစက်သူသစ်အများဆုံးရှိနေခြင်းဖြစ်သည်။ တောင်ကိုရီးယားအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ ကူးသန်းသွားလာမှု ပိတ်ပင်ချက်များကို ထုတ်ပြန်ရဖွယ်ရှိနေပြီး နိုင်ငံသားများ နေအိမ်၌သာ နေထိုင်ရန် တိုက်တွန်းထားရကြောင်း အာဏာပိုင်များက ပြောဆိုခဲ့သည်။
အာဏာပိုင်များသည် လက်ရှိတွင် ခပ်ခွာခွာနေထိုင်ရန် စည်းမျဉ်းများကို တင်းကျပ်နိုင်ရေး လုပ်ဆောင်နေရပြီး ဆိုးလ်၊အင်ချွန်း၊ ဂျုံဂျီခရိုင်များရှိ စာသင်ကျောင်းများနှင့် မူကြိုကျောင်းများအား သြဂုတ် ၂၆ ရက်မှ စက်တင် ဘာ ၁၁ ရက်အထိ အွန်လိုင်းပညာသင်စနစ်ကို ပြောင်းလဲရန် ညွှန်ကြားထားသည်။ လွန်ခဲ့သော နှစ်ပတ်အတွင်း ကျောင်းသားနှင့် စာသင်ကျောင်းဝန်ထမ်း ၂၀၀ နီးပါးခန့် COVID-19 ကူးစက်ခံခဲ့ရပြီးဖြစ်သည်။

















