အိန္ဒိယအတိုက်အခံ ကွန်ဂရက်ပါတီဥက္ကဋ္ဌ ဆိုနီယာ ဂန္ဓီ ရာထူးမှ နုတ်ထွက်လိုကြောင်းဆို

အိန္ဒိယအတိုက်အခံ ကွန်ဂရက်ပါတီဥက္ကဋ္ဌ ဆိုနီယာ ဂန္ဓီ ရာထူးမှ နုတ်ထွက်လိုကြောင်းဆို

အိန္ဒိယအဓိကအတိုက်အခံ ကွန်ဂရက်ပါတီမှ ထိပ်တန်းခေါင်းဆောင်များက ပါတီတွင်း ပြုပြင်ပြောင်းလဲမှုများဖော်ဆောင်ပေးရန် တိုက်တွန်းခဲ့ပြီးနောက် ကွန်ဂရက်စ်ပါတီဥက္ကဋ္ဌ ဆိုနီယာ ဂန္ဓီသည် ရာထူးမှနုတ်ထွက်မည်ဖြစ်ကြောင်း သြဂုတ် ၂၄ ရက်တွင် ကမ်းလှမ်းပြောဆိုခဲ့သည်။

ဗြိတိန်ထံမှ အိန္ဒိယလွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၇ ခုနှစ်မှစ၍ အိန္ဒိယနိုင်ငံရေးကို လွှမ်းမိုးခဲ့သည့် နေရူး-ဂန္ဓီမျိုးဆက်၏ကြီးစိုးမှုကို တိုက်ရိုက်စိန်ခေါ်လိုက်သည့် တောင်းဆိုမှုလည်းဖြစ်သည်။ အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီ ဟိန္ဒူအမျိုးသားရေးပါတီ ဗရာတီယ ဇနတပါတီသည် အထွေထွေရွေးကောက်ပွဲနှစ်ခုတွင် ကွန်ဂရက်စ်ပါတီအပေါ် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပြီးဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း ရာဂျစ် ဂန္ဓီ၏ဇနီး ဆိုနီယာ ဂန္ဓီသည် သမ္မတရာထူးမှနုတ်ထွက်ခွင့်ပြုရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ကွန်ဂရက်ပါတီ၏အလုပ်အမှုဆောင်ကော်မတီအစည်းအဝေးတွင် အွန်လိုင်းမှတစ်ဆင့် မိန့်ခွန်းပြောဆိုရင်း ဆိုနီယာဂန္ဓီက အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ပါတီဥက္ကဋ္ဌရာထူးအတွက် ဆက်ခံရမည့်သူကို ရှာဖွေရန် ဆိုနီယာဂန္ဓီက အလုပ်အမှုဆောင်ကော်မတီအား တိုက်တွန်းခဲ့ကြောင်း ANI သတင်းဌာနက တွစ်တာ၌ ရေးသားခဲ့သည်။ ဂန္ဓီမိသားစုအနေဖြင့် နိုင်ငံရေးတွင် ဦးဆောင်သည့် အခန်းကဏ္ဍမှပါဝင်ရန် သို့မဟုတ် မပါဝင်နိုင်ပါက နုတ်ထွက်ရန် ပါတီအကြီးအကဲများ၏ပေးစာတွင် ဖော်ပြထားသည်။ ကွန်ဂရက်ပါတီမှ ဒေသဆိုင်ရာနိုင်ငံရေးသမား ၃၀၀ ကျော်ကလည်း ယင်းစာကို ထောက်ခံခဲ့သည်။

သို့သော် ကွန်ဂရက်ပါတီဦးဆောင်သော ပြည်နယ်များရှိ ဝန်ကြီးချုပ်များကမူ ဂန္ဓီဆက်လက်တာဝန်ထမ်းဆောင်ရန် လိုလားနေကြသည်။ မြို့တော် နယူးဒေလီ၌ ဂန္ဓီမိသားစုအား ထောက်ခံသူများသည် ပါတီရုံးချုပ်ရှေ့၌ စုဝေးပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆိုနီယာဂန္ဓီသည် ယမန်နှစ်တွင် သားဖြစ်သူ ရာဟုဂန္ဓီထံမှ ဥက္ကဋ္ဌရာထူးကို လွှဲပြောင်းရယူခဲ့သည်။ ရာဟုဂန္ဓီ၏ ဖခင်၊ အဘွားနှင့် အဘေးတို့သည် ဝန်ကြီးချုပ်များအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။