ထိုင်းဘုရင်စနစ်နှင့် ပတ်သက်၍ ဝေဖန်နေသည့် အုပ်စုတစ်စု၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာအား ပိတ်ပင်ပေးရန် ထိုင်းအစိုးရက တောင်းဆိုမှုကို တရားရေးအရ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက သြဂုတ် ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထိုင်းဘုရင်စနစ်ကို ဝေဖန်နေသည့် အကြောင်းအရာများကို ဖော်ပြနေသည့် Royalist Marketplace စာမျက်နှာကို ပိတ်ပင်ခြင်းမရှိပါက တရားရေးအရ ရင်ဆိုင်ရမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ခြိမ်းခြောက်ခဲ့ပြီးနောက် ဖေ့စ်ဘွတ်ခ်သည် အဆိုပါစာမျက်နှာကို သြဂုတ် ၂၄ ရက် အနှောင်းပိုင်းတွင် ပိတ်ပင်ခဲ့သည်။
ထိုင်းအစိုးရ၏တောင်းဆိုမှုသည် ပြင်းထန်ပြီး နိုင်ငံတကာလူ့အခွင့်အရေးဥပဒေကို ချိုးဖောက်နေကာ ထိုင်းပြည်သူများ၏လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုအပေါ် ဆိုးကျိုးသက်ရောက်စေကြောင်း ဖေ့စ်ဘွတ်ခ်၏ပြောခွင့်ရှိသူက ထုတ်ပြန်ခဲ့သည်။ ထိုင်းအစိုးရအား ဥပဒေကြောင်းအရ မည်ကဲ့သို့ ရင်ဆိုင်မည်ကိုမူ ဖေ့စ်ဘွတ်ခ်က ထုတ်ပြန်ခြင်းမပြုခဲ့ချေ။
Royalist Marketplace စာမျက်နှာကို ပြည်ပတွင် တိမ်းရှောင်နေသည့် ပညာရှင် ပါဗင် ချာချာဗယ်ပွန်ပန်က ဧပြီတွင် စတင်ခဲ့ခြင်းဖြစ်သည်။ ဖေ့စ်ဘွတ်ခ်သည် စစ်တပ်ကြီးစိုးသော အစိုးရ၏ဖိအားကို လက်ခံလိုက်ပြီဖြစ်ကြောင်း ဂျပန်၌ နေထိုင်နေသည့် ပါဗင်ကပြောဆိုခဲ့သည်။ ၎င်းတို့အဖွဲ့သည် ထိုင်း၌ ဒီမိုကရေစီဖော်ဆောင်ရေးဖြစ်စဉ်၏တစ်စိတ်တစ်ပိုင်းဖြစ်ပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုအတွက် နေရာတစ်နေရာလည်းဖြစ်ကြောင်း ပါဗင်က ပြောဆိုခဲ့သည်။
စာမျက်နှာကို ပိတ်ဆို့လိုက်ခြင်းကြောင့် ဖေ့စ်ဘွတ်ခ်သည် ဒီမိုကရေစီစနစ်ကို ဖျက်သိမ်းပြီး အာဏာရှင်စနစ်ထူထောင်လိုသည့် အစိုးရနှင့် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း ပါဗင်က ဆက်လက်ပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံ၌ ဘုရင်နှင့် တော်ဝင်မိသားစုအပေါ် ဝေဖန်ပြောဆိုခွင့်ပိတ်ပင်သည့် တင်းကျပ်သော တော်ဝင်ဥပဒေပြဌာန်းထားပြီး ပြစ်မှုကျူးလွန်ပါက ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရမည်ဖြစ်သည်။ ဖေ့စ်ဘွတ်ခ်သည် ထိုင်းဘုရင်စနစ်ကို စော်ကားမှုများအပါအဝင် အသရေဖျက်သည့် အကြောင်းအရာများကို ပိတ်ပင်ရန် ပျက်ကွက်ခဲ့ကြောင်း ထိုင်းဒီဂျစ်တယ်ဝန်ကြီးက ယခုလအစောပိုင်းတွင် စွပ်စွဲပြောဆိုခဲ့သည်။

















