နှစ်နိုင်ငံအကြား သဘောထားကွဲလွဲမှု မျိုးစုံကြောင့် တင်းမာမှု မြင့်တက်နေသည့် အချိန်တွင် တရုတ်နှင့် အမေရိကန် ထိပ်တန်း ကိုယ်စားလှယ်များသည် သြဂုတ် ၂၅ ရက်တွင် တယ်လီဖုန်းဖြင့် ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက် ကုန်သွယ်မှုဆိုင်ရာသဘောတူညီမှု ပထမအဆင့်ကို အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြသည်။
အမေရိကန်နှင့် တရုတ်တို့သည် ဇန်နဝါရီတွင် သဘောတူညီမှုစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး ရှည်ကြာနေသော ကုန်သွယ်ရေးစစ်ပွဲကို ယာယီရပ်စဲကာ စွမ်းအင်နှင့် စက်မှုကဏ္ဍများမှ ထွက်ရှိလာသော အမေရိကန်ထုတ်ကုန်များကို တရုတ် အနေဖြင့် လာမည့် ၂ နှစ်အတွင်း ဒေါ်လာ ဘီလီယံ ၂၀၀ ဖိုး ဝယ်ယူရန်သဘောတူညီခဲ့ကြသည်။
သို့သော် COVID-19 ကပ်ရောဂါကြောင့် ယင်းသဘောတူညီမှုကို အကောင်အထည်ဖော်ရန် ခက်ခဲခဲ့ပြီး အမေရိကန်ထုတ်ကုန်များအပေါ် တရုတ်၏ ဝယ်ယူမှုများ နောက်ကျခဲ့ရသည်။ သဘောတူညီချက်အတွက် နှစ်ဖက်နိုင်ငံက သီးခြားစီ အတည်ပြုထုတ်ပြန်ခဲ့ကြသည်။
အမေရိကန်၏ ထုတ်ပြန်မှုတွင် တရုတ်သည် သဘောတူညီချက်အပေါ်အခြေခံကာ ထိရောက်သော အပြောင်းအလဲကို လုပ်ဆောင်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
ယခုသဘောတူညီမှုအရ ညာဏပစ္စည်းမူပိုင်ခွင့်ကို ပိုမိုကာကွယ်ခွင့် ရရှိမည်ဖြစ် ပြီး ဘဏ္ဍာရေးကဏ္ဍရှိ အမေရိကန်ကုမ္ပဏီများအတွက် လုပ်ငန်းလုပ်ဆောင်မှုဆိုင်ရာ အတားအဆီးများကို ဖယ်ရှားကာ နိုင်ငံခြားကုမ္ပဏီများအပေါ် နည်းပညာများလွှဲပြောင်းပေးရန် အတင်းအကျပ်ဖိအားပေးမှုကို ရုပ်သိမ်းရမည်ဖြစ်သည်။ သဘောတူညီချက်များ အောင်မြင်မှုရရှိရေးအတွက် လိုအပ်မည့် လုပ်ဆောင် ချက်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှစ်ဦးနှစ်ဖက်အကြား ကတိပြုခဲ့ကြသည်။
တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်၏ ပထမအဆင့် အကောင်အထည်ဖော်ရေး ကောင်းမွန်သော အခြေအနေနှင့် ပတ်ဝန်းကျင်ဖန်တီးရန် နှစ်နိုင်ငံအကြား သဘောတူညီခဲ့ကြကြောင်း တရုတ်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပထမအဆင့်သဘောတူညီမှုကို ခြောက်လကြာတိုင်း ပြန်လည်သုံးသပ်မည်ဖြစ်သည်။

















