အိန္ဒိယရှိ စီးပွားရေးလုပ်ငန်းအများစုတည်ရှိရာ မွမ်ဘိုင်းအနီးရှိ စက်မှုဖွံ့ဖြိုးသော မြို့တစ်မြို့၌ သြဂုတ် ၂၄ ရက်တွင် အဆောက်အအုံတစ်ခုပြိုကျခဲ့ပြီး အပျက်အစီးများအောက်မှ လူ ၆၀ ကျော်ကို ကယ်ဆယ်ရေးလုပ်သားများက အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ကြောင်း အာဏာပိုင်များက သြဂုတ် ၂၅ ရက်တွင် ဆိုခဲ့သည်။
ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နေဆဲဖြစ်သည်။ မာဟက်ရှိ ဆင်းရဲသားရပ်ကွက်တစ်ခုအနီး လူ ၂၀၀ နီးပါး နေထိုင်သော ငါးထပ်အဆောက်အအုံပြိုကျခဲ့ခြင်းဖြစ်သည်။
"လူတစ်ဦးသေဆုံးပြီး လူ ၃၀ လောက်ကတော့ ပိတ်မိနေဆဲဖြစ်တယ်" ဟု မွမ်ဘိုင်းမြို့တောင်ဘက် ၁၆၅ ကီလိုမီတာအကွာ မာဟက်မြို့မှ လွှတ်တော်ကိုယ်စားလှယ် ဘာရက်ရှက်မာရူတီဂိုဂါဝါလဘီက ပြောဆိုခဲ့သည်။
အခန်း ၄၇ ခန်းပါဝင်သည့် အဆောက်အအုံသည် စက္ကူချပ်ပြားများကဲ့သို့ ပြိုကျသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက အခင်းဖြစ်ပွားရာ နေရာတွင် ပြောဆိုသည်။
ပြည်သူများနှင့် ရဲတပ်ဖွဲ့ဝင်များသည် အသက်ရှင် ကျန်ရစ်သူများအား ကယ်ဆယ်ရန် သွပ်ပြားများ၊ သံချည်သံကွေးများနှင့် အပျက်အစီးများကို ဖယ်ရှားရှင်းလင်းခဲ့ကြသည်။ မိုးများသည်းထန်စွာ ရွာသွန်းနေပြီး COVID-19 ကူးစက်မည်ကို စိုးရိမ်ရသော်လည်း ဒဏ်ရာရရှိသူများကို လူနာတင်ယာဉ်ဖြင့် နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။
ပြိုကျရသည့် အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ အိန္ဒိယတွင် အဆောက်အအုံ ပြိုကျမှုများသည် ဖြစ်လေ့ဖြစ်ထရှိပြီး တည်ဆောက်ပုံမကြံ့ခိုင်ခြင်း၊ စံချိန်စံညွှန်း မမီခြင်းနှင့် သတ်မှတ်ချက်များကို အလေးမထား ခြင်းများကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။

















