ပြီးခဲ့သည့်နှစ်တွင် အစိုးရဆန့်ကျင်ရေး လှုပ်ရှားခဲ့မှုများနှင့် ဆက်စပ်သူ ၁၆ ဦးကို ဟောင်ကောင်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ထိုသူများထဲတွင် လွှတ်တော်အမတ် နှစ်ဦး ပါဝင်ခဲ့ကြောင်း သိရသည်။
ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ လွှတ်တော်အမတ် နှစ်ဦးဖြစ်သည့် တက်ဒ် ဟွာနှင့် လမ်ချောက်တင်တို့သည် အဖမ်းခံရကြောင်းကို လူမှုကွန်ရက်မှတစ်ဆင့် အသိ ပေးခဲ့သည်။ ၂၀၁၉ ခုနှစ် ဒီမိုကရေစီအရေး လှုပ်ရှားမှုများကြောင့် အဖမ်းခံခဲ့ရခြင်းဖြစ် သည်ဟု လမ်က တွစ်တာတွင် ရေးသားသည်။ တက်ဒ်ဟွာ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင်မူ အဖမ်းခံရသည့် အကြောင်းအရင်းအား ရှင်းလင်းစွာ ရေးသားဖော်ပြခြင်း မရှိပေ။
၎င်းတို့နှစ်ဦးသည် အခြားသူ ၁၄ ဦးနှင့်အတူ အဖမ်းခံရခြင်းဖြစ်ပြီး အသက် ၂၆ နှစ်မှ ၄၈ နှစ်အရွယ်များအကြား ဖြစ်ကာ ပြီးခဲ့သည့်နှစ် ဆန္ဒပြသူမှုများနှင့် ဆက်စပ်မှုရှိ နေသူများဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်ဇွန်လ ၃၀ ရက်နေ့တွင် ဟောင်ကောင်အ ပေါ် စတင်သက်ရောက်စေခဲ့သော တရုတ်၏ အမျိုးသားလုံခြုံရေးဥပဒေသည် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ဟောင်ကောင်၏ တစ်နိုင်ငံ၊ စနစ်နှစ်ခု ဆိုသည့် အချက်ကို ပျက်ပြားသွားစေခဲ့သည်။
၂၀၁၉ ခုနှစ်၊ ဇွန်လတွင် ဆန္ဒပြမှုများ စတင်ခဲ့ပြီးနောက် ဟောင်ကောင်ရဲတပ်ဖွဲ့ ဝင်များသည် လူပေါင်း ၉၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးဖြစ်သည်။ ဟောင်ကောင်ရဲ တပ်ဖွဲ့၏ ဖမ်းဆီးမှုထဲတွင် အထင်ကရ ပုဂိုလ်များဖြစ်သော ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူ ဂျိုရှူအာဝေါင်၊ အက်ဂနက်စ် ချောင်နှင့် မီဒီယာလုပ်ငန်းရှင် သူဌေးကြီး ဂျင်မီ လိုင်တို့ ပါဝင်ခဲ့သည်။
အစိုးရသည် အကျဉ်းသားလွှဲပြောင်းခွင့်ဆိုင်ရာ ဥပဒေမူကြမ်းကို တင်သွင်းခဲ့ပြီး နောက် ဟောင်ကောင်တွင် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ယင်းဥပဒေ မူကြမ်း တွင် ရာဇဝတ်မှုအဖြစ် သံသယရှိပါက တရားစီရင်ရန်အတွက် တရားခံအား တရုတ်ပြည် မကြီးသို့ လွှဲပြောင်းပေးခွင့် ပြုရမည်ဟု ပါရှိသည့်အတွက် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

















