လူမှုကွန်ယက်စာမျက်နှာမှ Cyber မှုခင်းများဖော်ထုတ်ပေးမည်ဟုဆိုကာငွေကြေးလိမ်လည်တောင်းခံသူကို ဖမ်းဆီး

လူမှုကွန်ယက်စာမျက်နှာမှ Cyber မှုခင်းများဖော်ထုတ်ပေးမည်ဟုဆိုကာငွေကြေးလိမ်လည်တောင်းခံသူကို ဖမ်းဆီး

လှိုင်မြို့နယ်တွင် လူမှုကွန်ယက်စာမျက်နှာမှ Cyber မှုခင်းများဖော်ထုတ်ပေးမည်ဟုဆိုကာ ငွေကြေး လိမ်လည်တောင်းခံသူကို မှုခင်းရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူထားကြောင်း သြဂုတ် ၂၇ ရက်နေ့တွင်ရဲတပ်ဖွဲ့မှသိရသည်။

ဩဂုတ် ၂၅ ရက် ညနေ ၅ နာရီအချိန်တွင် Facebook လူမှုကွန်ရက်စာမျက်နှာတွင် Facebook Online PoliceForce စာမျက်နှာအားအသုံးပြု၍ Cyber မှုခင်းများအတွက်တိုင်ကြား သည့်ပြည်သူ များကို ယုံကြည်အောင်ပြောဆိုကာ ငွေလွှဲထုတ်ယူမှုများရှိနေကြောင်းသတင်းအရ အမှတ်(၆)မှုခင်း ရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ကစုံစမ်းခဲ့သည်။

အဆိုပါငွေလွှဲစေခိုင်းသူက ၄င်း၏ လက်ကိုင်ဖုန်းသို့ ငွေလွှဲစေခိုင်းခဲ့ပြီး လှိုင်မြို့နယ် (၁၆)ရပ်ကွက် ပါရမီစိန်ဂေဟာမြေညီထပ်ရှိ WaveMoney ဆိုင်မှ ငွေများထုတ်ယူလျက်ရှိကြောင်းသိရသဖြင့်အမှတ်(၆)မှုခင်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က အဆိုပါ Wave Money ဆိုင်၌ စောင့်ဆိုင်းနေခဲ့သည်။

ထိုစဉ်၎င်းဆိုင်သို့ငွေကျပ် တစ်သိန်း လာရောက်ထုတ်ယူသူ လှိုင်မြို့နယ် ၁၆ ရပ်ကွက် တိုက်(၂၆) နေ မင်းသန့်ကျော်(ခ)ဖိုးသား(၃၁)နှစ်ကို တွေ့ရှိရ၍ ခေါ်ယူစစ်ဆေးခဲ့ပြီး ငွေလွှဲရန်တောင်းသည့် ဖုန်းနံပတ်နှင့်တူညီနေကြောင်း စစ်ဆေးသိရသဖြင့် အဆိုပါ ဆင်းကတ် ၂ ကတ်ပါ လက်ကိုင်ဖုန်းကို သိမ်းဆည်းခဲ့သည်။

၎င်းဖုန်းအတွင်းတွင် Facebook Online PoliceForce စာမျက်နှာကိုဖွင့်လှစ်အသုံးပြုထားသည်ကို တွေ့ရှိရပြီး WaveMoney ဆိုင်မှ ထုတ်ယူသည့် ငွေကျပ် တစ်သိန်းမှာ အမျိုးသမီးတစ်ဦးကို Cyber မှုခင်းဖော်ထုတ်ပေးမည်ဟုလိမ်လည်ပြောဆိုကာတောင်းခံခဲ့သဖြင့်၎င်းထံလွှဲပေးသောငွေဖြစ်ကြောင်းသိရပြီးနှင့်၎င်း၏နေအိမ်သို့ဆက်လက်ဝင်ရောက်ရှာဖွေရာ Laptop တစ်လုံး၊ မန်မိုရီကတ်၊ စတစ် ၃ ခုတို့ကို သိမ်းဆည်းရမိခဲ့သောကြောင့်လှိုင်မြို့မရဲစခန်းက အမှုဖွင့်ဖမ်းဆီးကာ ဆက်လက် အရေးယူထားကြောင်းသိရသည်။