ဆီပေပါခွံအလွတ်များအတွင်းသို့ဝှက်သယ်ဆောင်လာသည့်  ကျောက်စိမ်းအရိုင်းတုံး ၄၃၇၀ ကီလိုခန့်ကို ဖမ်းမိ

ဆီပေပါခွံအလွတ်များအတွင်းသို့ဝှက်သယ်ဆောင်လာသည့်  ကျောက်စိမ်းအရိုင်းတုံး ၄၃၇၀ ကီလိုခန့်ကို ဖမ်းမိ

ဖားကန့်မြို့တွင် ဆီပေပါခွံအလွတ်များအတွင်းသို့ဝှက်သယ်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံး ၄၃၇၀ ကီလိုခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း သြဂုတ် ၂၇ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။သြဂုတ်လ ၂၆ရက်နေ့တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဖားကန့်မှ ကားမိုင်းဘက် သို့မောင်း လာသောကုန်တင်ယာဉ်ကို လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ရဲတပ်ဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့က စစ်ဆေးခဲ့သည်။

အဆိုပါယာဉ်ပေါ်တွင် ဆီပေပါအခွံအလုံး ၆၀ ကို တင်ဆောင်လာသည်ကို တွေ့ရှိပြီး ၎င်းပေပါခွံများ အနက်မှပေပါ(၁၂)လုံးကို မသင်္ကာဖွယ် တွေ့ရှိရသဖြင့် ယာဉ်ကို လုံးခင်းနယ်မြေရဲစခန်းသို့ မောင်းနှင်ကာဖွင့်ဖောက်စစ်ဆေးခဲ့သည်။

ဆီပေပါအခွံ ၆၀ အနက်မှ ထိပ်ဝဖွင့်ထားသော ပေပါအလုံး ၂၀ အတွင်း ပီနန်အိတ်များဖြင့် ထည့်လျှက် ကျောက်စိမ်းအရိုင်းတုံး အရွယ်အစားဆိုဒ်စုံ ၉၈ အိတ် အလေးချိန် ၄၃၇၀ ကီလိုခန့်ကို ဖမ်းဆီးရမိခဲ့သောကြောင့် သယ်ဆောင်လာသူ ၃ ဦးကို လုံးခင်းနယ်မြေရဲစခန်းမှ ကျောက်မျက်ဥပဒေပုဒ်မ ၅၁/(က)၅၄ ဖြင့် အမူဖွင့်အရေးယူထားသည်။