မွမ်ဘိုင်း သြဂုတ် ၂၇ - အိန္ဒိယ၌ သြဂုတ် ၂၇ ရက်တွင် COVID-19 ကူးစက်သူသစ် ၇၅၇၆၀ ဦး ဖြင့် တစ်ရက်အတွင်း ကူးစက်သူစံချိန်တင်မြင့်တက်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းအင်းများအရ သိရသည်။ယင်းသို့ ကူးစက်သူ စံချိန်တင်ခဲ့သည့်အတွက် အိန္ဒိယတွင် COVID-19 ကူးစက်သူဦးရေ ၃ ဒသမ ၃၁ သန်း ရှိလာပြီဖြစ်သည်။
အိန္ဒိယသည် အာရှ၌ COVID-19 ဒဏ်အဆိုးရွားဆုံး ခံနေရသော နိုင်ငံဖြစ်ကာ စု စုပေါင်း ကူးစက်သူဦးရေတွင် အမေရိကန်နှင့် ဘရာဇီးပြီးလျှင် တတိယမြောက် အများဆုံးနိုင်ငံဖြစ်သည်။ တစ်ရက်တာအတွင်း စံချိန်တင် ကူးစက်မှု မြင့်တက်မှုရှိ နေခြင်းသည် သြဂုတ်လ ၇ ရက်ကစတင်ခဲ့ကြောင်း ရိုက်တာ၏ စာရင်းအင်းများအရ သိရသည်။
သြဂုတ် ၂၇ တွင် တစ်ရက်အတွင်း သေဆုံးသူဦးရေ ၁၀၂၃ ဦး ရှိခဲ့သောကြောင့် သေဆုံးသူ ဦးရေ ၆၀၄၇၂ ဦး ရှိလာပြီဖြစ်သည်။အိန္ဒိယ၏ ပြီးခဲ့သည့် တစ်ရက်တာအတွင်း ကူးစက်မှုအများဆုံးနေ့မှာ သြဂုတ် ၂၂ ရက်ဖြစ်ပြီး ၇၀၄၈၈ ဦးရှိခဲ့သည်။ ပြီးခဲ့သည့် နှစ်ပတ်အတွင်း တစ်ရက်လျှင် ကူးစက်သူ သစ် ၆၀၀၀၀ နှုန်းဖြင့် တိုးမြင့်လာခဲ့သည်။
အိန္ဒိယသည် တစ်ရက်လျှင် ဓာတ်ခွဲနမူနာ စစ်ဆေးမှု ၈၀၀၀၀၀ ကျော် ပြုလုပ်နေရာမှ အရှိန်မြှင့်ကာ တစ်နေ့လျှင် တစ်သန်း စစ်ဆေးနေသည်။ ရောဂါမှ ပြန်လည်ကောင်းမွန်လာသူမှာ ၇၆ ရာခိုင်နှုန်းရှိနေပြီး သေဆုံးမှုနှုန်းမှာ ၁ ဒသမ ၈၄ ရာခိုင်နှုန်း ရှိသည်။ အေပီ

















