ခရိုက်ချပ်သေနတ်သမား ထောင်ဒဏ်တစ်သက် ချမှတ်ခံရ

ခရိုက်ချပ်သေနတ်သမား ထောင်ဒဏ်တစ်သက် ချမှတ်ခံရ

ဝယ်လင်တန် သြဂုတ် ၂၇ - နယူးဇီလန်၌ ၂၀၁၉ ခုနှစ် မတ်တွင် ဗလီနှစ်ခုတွင်းဝင်ရောက်ပြီး မွတ်စလင်ကိုးကွယ်ယုံကြည်သူ ၅၁ ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဘရန်တန် တားရန်အား တရားသူကြီးတစ်ဦးက သြဂုတ် ၂၇ ရက်တွင် ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့သည်။

နယူးဇီလန်၌ လူတစ်ဦးကို ထောင်ဒဏ်တစ်သက် ပထမဆုံးအကြိမ်ချမှတ်ခြင်းလည်းဖြစ်သည်။ တားရန့်သည် နောင်တရခြင်းမရှိဘဲ အကျဉ်းထောင်၌ နှစ်မည်မျှ ပြစ်ဒဏ်ကျခံရသည်ဖြစ်စေ ၎င်းကျူးလွန်ခဲ့သည့် အပြစ်များအတွက် အပြစ်ကြွေးကျေမည်မဟုတ်ကြောင်း ခရိုက်ချပ်အထက်ရုံးတရားသူကြီး ကမရွန်း မန်ဒါကပြောဆိုခဲ့သည်။ ခင်ဗျား ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေက အင်မတန်ကို ရက်စက်ယုတ်မာလွန်းတာမို့ ခင်ဗျားကို သေတဲ့အထိ ချုပ်နှောင်ထားမယ်ဆိုရင်တောင် အပြစ်ကြွေးက ကျေမှာမဟုတ်ပါဘူး ဟု တရားသူကြီးက ပြစ်ဒဏ်ချမှတ်ရင်းပြောဆိုခဲ့သည်။

အသက် ၂၉ နှစ်အရွယ် သြစတြေးလျနိုင်ငံသား တားရန့်သည် လူသတ်မှု ၅၁ မှု၊ လူသတ်ရန် ကြိုးပမ်းမှု ၄၀ နှင့် အကြမ်းဖက်မှုတစ်မှုတို့ကို ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ ၂၀၁၉ ခုနှစ် မတ် ၁၅ ရက်တွင် တားရန့်သည် ခရိုက်ချပ်ရှိ အယ်လ်နူးဗလီသို့ ဝင်ရောက်ပြီး စစ်ဘက်သုံး အော်တိုမက်တစ်သေနတ်များ ပစ်ခတ်ခဲ့သည်။ တားရန့်သည် ပစ်ခတ်မှုပြုလုပ်နေစဉ်အတွင်း ဦးထုပ်ကင်မရာတွင် တပ်ဆင်ထားသည့် ကင်မရာမှတစ်ဆင့် ပစ်ခတ်မှုများကို မှတ်တမ်းတင်ကာ အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။

တားရန့်သည် အယ်လ်နူးဗလီတွင် လူ ၄၄ ဦးကို ပစ်သတ်ခဲ့ပြီး ၎င်းကြောင့်သေဆုံးသူများတွင် အသက်သုံးနှစ်အရွယ် ယောကျာ်းလေးတစ်ဦးပင်ပါဝင်ခဲ့သည်။ ယင်းနောက်တွင် တားရန့်သည် လင်းဝုဒ်ရှိ ဒုတိယဗလီတစ်ခုသို့သွားရောက်ကာ လူခုနစ်ဦးကို ပစ်သတ်ခဲ့သည်။

တားရန့်အနေဖြင့် နောက်ဆုံးပြောစရာစကားရှိမရှိကို တရားသူကြီး မန်ဒါက မေးမြန်းသည့်အခါ မီးခိုးရောင်အကျဉ်းထောင်ဝတ်စုံဝတ်ဆင်ထားသည့် တားရန့်က စကားပြောဆိုခြင်းမပြုခဲ့ချေ။ ယနေ့တွင် ရက်စက်ယုတ်မာလွန်းသော ပြစ်မှုများအတွက် တရားရေးအရ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သော်လည်း ပြစ်ဒဏ်ချမှတ်မှုကြောင့် ဆုံးရှုံးခဲ့သည့် ချစ်သူခင်သူများကို ပြန်လည်ရရှိနိုင်မည်မဟုတ်ကြောင်း အယ်လ်နူးဗလီ၏တရားဟောဆရာ ဂါမယ် ဖိုဒါကပြောဆိုခဲ့သည်။

အစွန်းရောက်တိုင်းက အတူတူပဲ၊ ဘာသာရေးကိုပဲအသုံးချချ၊ အမျိုးသားရေးကိုပဲအသုံးချချ၊ ဘယ်အယူအဆကိုပဲလက်ခံလက်ခံ၊ အစွန်းရောက်တိုင်းဟာ အမုန်းတရားကို ကိုယ်စားပြုတာချည်းပဲ၊ ဒါကြောင့် ကျွန်တော်တို့ဒီနေ့ တရားရုံးကိုရောက်နေတာဖြစ်ပါတယ်၊ ကျွန်တော်တို့က မေတ္တာတရား၊ ဂရုဏာတရား၊ မွတ်စလင်ဖြစ်စေ၊ မွတ်စလင်မဟုတ်သည်ဖြစ်စေ အားလုံးကို လေးစားပါတယ် ဟု ဖိုဒါကပြောဆိုခဲ့သည်။ အေပီ