ဆိုးလ် သြဂုတ် ၂၇ - နိုင်ငံတွင်း COVID-19 စတင်ဖြစ်ပွားခဲ့သည့် မတ်မှစ၍ တစ်ရက်အတွင်း ကူးစက်သူသစ်စံချိန်တင်ရှိခဲ့ပြီးနောက် ဝန်ထမ်းများကို နေအိမ်မှသာ အလုပ်လုပ်စေရန် စီးပွားရေးလုပ် ငန်းများအား တောင်ကိုရီးယားအစိုးရက သြဂုတ် ၂၇ ရက်တွင် တိုက်တွန်းခဲ့သည်။
ကောလ်စင်တာများနှင့် ထောက်ပံ့ရေးပစ္စည်းများထားရှိသည့် ဂိုဒေါင်များတွင်လည်း အစုလိုက်အပြုံလိုက် ကူးစက်မှုသစ်များရှိနေကြောင်း အစိုးရက သတိပေးထားသည်။
တောင်ကိုရီးယားသည် သြဂုတ် ၂၆ ရက်တွင် COVID-19ကူးစက်သူသစ် ၄၄၁ ဦးရှိပြီး ပထမဆုံးအကြိမ် ကူးစက်မှုအစုလိုက်အပြုံလိုက်ရှိခဲ့သည့် မတ်အစောပိုင်းကစ၍ တစ်ရက်အတွင်း ကူးစက်သူသစ်အများဆုံး ရှိခဲ့ခြင်း ဖြစ်ကြောင်း ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန(KCDC)က ထုတ်ပြန်ခဲ့သည်။
ဘုရားကျောင်းတစ်ခုနှင့် ယခုလအစောပိုင်းက ပြုလုပ်ခဲ့သည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကြောင့် ကူးစက်သူဦးရေ တိုးလာခြင်းဖြစ်ကြောင်း အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။ "လုပ်ငန်းခွင်နေရာဟာ အထူးသဖြင့် ကူးစက်လွယ်တဲ့ နေရာဖြစ်ပြီး ကောလ်စင်တာ လိုမျိုး၊ ထောက်ပံ့ရေးပစ္စည်း တွေထားတဲ့ ကုန်လှောင်ရုံလိုမျိုး နေရာတွေက ကူးစက်မှုဖြစ်ပွားရတဲ့အကြောင်းအရင်း ကို ကျေးဇူးပြုပြီး မှတ်သားပေးကြပါ။ လုပ်ငန်းခွင်တွေမှာ ကူးစက်မှုတွေ လျှော့ချဖို့အတွက် ပြောင်းလွယ်ပြင်လွယ်ဖြစ် တဲ့ အလုပ်ချိန်နဲ့အတူ ဝန်ထမ်းဦးရေကိုလည်း ကျေးဇူးပြု၍ လျှော့ချပေး ပါ။ အိမ်ကနေ အလုပ်လုပ်ပြီး အလုပ်ချိန်တွေကို လျှော့ချလိုက်ပါ"ဟု ကျန်းမာရေးဝန်ကြီး ပတ်နွမ်ဟူးက ပြောဆိုခဲ့သည်။
မတ်လတွင် ကောလ်စင်တာတစ်ခု၌ ကူးစက်မှုဖြစ်ပွားခဲ့ပြီး ဇွန်လတွင်လည်း ကိုပန်ကော်ပိုရေးရှင်း၏ ထောက်ပံ့ရေးပစ္စည်းများ ထားသည့် ကုန် လှောင်ရုံတစ်ခုမှ အနည်းဆုံး ကူးစက်မှု ၁၀၀ခန့် ရှိခဲ့သည်။ကူးစက်မှုသစ်များ တိုးပွားလာမှုကြောင့် တောင်ကိုရီးယားတွင် COVID-19 ကူးစက်သူ ၁၈၇၀၆ ဦး ရှိပြီး သေဆုံးသူ ၃၁၃ ဦး ရှိနေသည်။ ဘုရားကျောင်းမှတစ်ဆင့် ကူးစက်သူ ၉၃၃ ဦးရှိနေကြောင်း ခြေရာခံသိရှိခဲ့သည်ဟု KCDC ကထုတ်ပြန်ခဲ့သည်။ အေပီ

















