မန်ယူကွင်းလယ်လူ ပေါ့ဘာ COVID-19 Positive ဖြစ်နေကြောင်း အတည်ပြု

မန်ယူကွင်းလယ်လူ ပေါ့ဘာ COVID-19 Positive ဖြစ်နေကြောင်း အတည်ပြု

မန်ယူအဓိကကွင်းလယ်လူ ပေါ့ဘာသည် COVID-19 စစ်ဆေးခဲ့ရာ Positive ဖြစ်နေကြောင်း ပြင်သစ်လက်ရွေးစင်အသင်း နည်းပြဒက်ချမ့်က အတည်ပြု ပြောကြားခဲ့ပြီး မန်ယူအသင်းကလည်း ဟုတ်မှန်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်ဟုသိရသည်။

အသက် ၂၇နှစ်အရွယ်ပေါ့ဘာသည် မူလက ခရိုအေးရှား ဆွီဒင်တို့နှင့် ကစားမည့်နေးရှင်းလိဂ် ကစားသမားစာရင်းတွင် ပါဝင်ခဲ့သော်လည်း ပြင်သစ်နည်းပြဒက်ချမ့်က ရန်းနက်စ်ကွင်းလယ်လူ ကာမာဗင်ဂါနှင့်အစားထိုးခဲ့ရသည်။

ပေါ့ဘာမှာ ကံမကောင်းစွာဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း၊ သို့ဖြစ်ရာ ပေါ့ဘာ၏နေရာတွင် ကာမာဗင်ဂါနှင့် အစားထိုးခဲ့ရကြောင်း ပြင်သစ်နည်းပြဒက်ချမ့်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့ခြင်းဖြစ်သည်။

ပြင်သစ်အသင်းအတွက် ၆၉ ပွဲ ကစားထားပြီး ၁၀ဂိုးသွင်းယူထားသော ပေါ့ဘာမှာလာမည့်စက်တင်ဘာ၌ ကစားမည့်ပွဲများတွင် လက်ရွေးစင်အသင်းအတွက် ကိုယ်စားပြုနိုင်မည် မဟုတ်ကြောင်း ရာသီသစ်အမီ ပေါ့ဘာ အမြန်ဆုံးပြန်လည်သက်သာရန် ဆုတောင်းပေးပါကြောင်း မန်ယူအသင်း၏ ထုတ်ပြန်ချက်၌ ပါရှိခဲ့သည်။ ပေါ့ဘာသည် မကြာသေးမီက ကိုယ်ဝန်လွယ်ထားရသော ဇနီးသည်အပါ အဝင် သူငယ်ချင်းများနှင့်အတူ လန်ဒန်ရှိ ဆွမ်ကီဆီပရီယာနီ စားသောက်ဆိုင်သို့ညဘက်သွားခဲ့ကြောင်း ဒေးလီးမေးလ်က ဆိုသည်။

ပေါ့ဘာသည် လက်ရှိတွင် ၁၄ ရက်သီးခြားနေထိုင်ရတော့မည်ဖြစ်ပြီး မန်ယူအသင်း၏ ရာသီကြို ပြင်ဆင်မှု၌ ပါဝင်တော့မည် မဟုတ်ပေ။ သို့သော် ပေါ့ဘာသည် စက်တင်ဘာ ၁၉ ရက်၌ ကစားမည့် ပဲလေ့စ်နှင့်ပရီးမီးယားလိဂ်ပွဲတွင် ပါဝင်နိုင်ရန် အခွင့်ရှိနေသည်။

ဗြိတိန်၌ သြဂုတ် ၂၇ ရက်အထိ COVID-19 ကူးစက်သူ သုံးသိန်းကျော်နေပြီး လေးသောင်းကျော် သေဆုံးခဲ့ပြီးဖြစ်သည်။



ဖတ်ရှုမှုအများဆုံး