ကြားကားယာဉ်များ ပေါ်တွင် ခါးပိုက်နှိုက်မှုများကျူးလွန်ခဲ့သည်ဆိုသူ ၄ ဦးကိုဖမ်းမိ

ကြားကားယာဉ်များ ပေါ်တွင် ခါးပိုက်နှိုက်မှုများကျူးလွန်ခဲ့သည်ဆိုသူ ၄ ဦးကိုဖမ်းမိ

အောင်မင်္ဂလာအဝေးပြေးကားဝင်းမှ ဒဂုံဧရာအဝေးပြေးကားဝင်းသို့ ပြေးဆွဲသည့် ကြားကား ယာဉ်များ ပေါ်တွင် ခါးပိုက်နှိုက်မှုများကျူးလွန်ခဲ့သည်ဆိုသူ ၄ ဦးကို ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များကဖမ်းဆီးခဲ့ကြောင်း သြဂုတ် ၂၈ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

သြဂုတ် ၂၂ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်ခန့်တွင် အင်းစိန်မြို့နယ် တညင်းကုန်းရပ်ကွက်၊ တညင်းကုန်းလမ်းဆုံမှတ်တိုင်၌ ခါးပိုက်နှိုက်သတင်းရရှိထားသူ တင်အောင်သန်း(ခ)ဝတုတ်၊ ထွန်းထွန်းဝင်း(ခ)ရှဲ၊ ရဲဝင်းကို(ခ) တီတီ နှင့် ဝေဖြိုးဇော် တို့(၄)ဦးကို လိုက်ထရပ်(ကြားကား) အမျိုးအစား ယာဉ်ပေါ်မှဆင်းလာစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။၎င်းတို့လက်အတွင်းမှ ကျပ် ၂၇,၀၀၀ ကိုတွေ့ရသဖြင့်စစ်ဆေးမေးမြန်းရာ အဆိုပါယာဉ်ပေါ်ပါ အသက်(၄၅)နှစ် ခန့်ရှိ အမျိုးသားတစ်ဦးထံမှ လူကာ၍ နှိုက်ယူခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

ဖမ်းဆီးရမိသူ တင်အောင်သန်း(ခ)ဝတုတ် ပါ(၄)ဦးကို အခြားပြစ်မှုများကျူးလွန်ခဲ့ခြင်းရှိ/မရှိ အသေးစိတ်တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၎င်းတို့(၄)ဦးသည် ဇူလိုင်လနှင့် ဩဂုတ်လ တို့တွင် အောင်မင်္ဂလာ အဝေးပြေးကားဝင်းမှ ဒဂုံဧရာအဝေးပြေးကားဝင်းသို့ ပြေးဆွဲနေသည့် လိုက်ထရပ်(ကြားကား) ယာဉ်များပေါ်တွင် လိုက်ပါစီးနင်း၍ ယာဉ်ပေါ်ပါခရီးသွားပြည်သူများထံမှ VIVO အမျိုးအစား ဖုန်း(၃)လုံးကို နှိုက်ယူခဲ့ကြကြောင်း ထပ်မံပေါ်ပေါက်ခဲ့သည်။

အဆိုပါ VIVO အမျိုးအစား လက်ကိုင်ဖုန်း သုံးလုံးကို ရောင်းချထားသည့်နေရာမှ ပြည်လည် သိမ်းဆည်းပြီး ၎င်းတို့လေးဦးအား အင်းစိန်မြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၉/၁၁၄ အရ အမှုဖွင့် အရေးယူထားသည်။