ဘားအံမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ထမင်းထုပ်ဖိတ်ကျသည့် ကိစ္စသွားရှင်းပေးသည့် အလုပ်သမားခေါင်းနှင့် အပေါင်းအပါ ၂ ဦးကို အလုပ်သမား ၂ ဦးက ချွန်ထက်သည့်အရာဖြင့်ထိုးရာ တစ်ဦးသေဆုံးမှုကို ဖမ်းဆီးအရေးယူထားကြောင်း သြဂုတ် ၂၈ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
သြဂုတ် ၂၇ ရက် နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ဘားအံပြည်သူ့ဆေးရုံကြီးတွင် လူ(၃)ဦးမှာ ထိုးသွင်းဒဏ်ရာများဖြင့်ရောက်နေကြောင်းသတင်းအရ ဘားအံမြို့မရဲစခန်းမှူး ဒုရဲမှူး စိုင်းဝဏ္ဏအောင် နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
ဒဏ်ရာရရှိသူများမှာ ဘားအံမြို့အမှတ်(၅)ရပ်ကွက်၊ လျှပ်/စက် အမှတ်(၁၅၁) အတွင်း ဆောက်လုပ်ရေးအလုပ်ဆိုဒ်တွင် အလုပ်လုပ်နေသော အလုပ်သမားခေါင်းဆောင် ကိုကျော်ဆန်းဝင်း ဖြစ်ပြီး ရင်ညွှန့် ယာဘက်ထိုးသွင်း၊ ဝဲဘက်နားရွက်တွင် ပြတ်ရှ၊ ဦးမင်းသိန်းတွင် ဝဲဘက် ဝမ်းဗိုက် ထိုးဒဏ်ရာဖြင့်လည်းကောင်း၊ ကိုရဲထွန်းတွင် ယာဘက်ခါးပြတ်ရှဒဏ်ရာ များအသီးသီးရရှိထား သည်ကိုတွေ့ရသည်။ ဦးမင်းသိန်း ထိုးသွင်းဒဏ်ရာများဖြင့် ဆေးရုံသို့တင်ပို့နေစဉ် သေဆုံးသွားခဲ့သည်။
စုံစမ်းချက်အရ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်နေသည့် ဒိုက်ဦးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးနေ အောင်ကိုကို(ခ)ကိုလတ် (၂၆)နှစ် နှင့် ကျွန်းချောင်းကျေးရွာ၊ တိုက်ကြီးမြို့နယ်နေ ငတေ(ခ)လက်ယာ (၄၀)နှစ်အတွက် အလုပ်သမား ၂ ဦးက ထမင်းထုပ်များသွားရောက်ပို့ပေးစဉ် အိပ်ယာပေါ်ထမင်း များဖိတ်ကျသည့်ကိစ္စနှင့်စကားများခဲ့ကြသည်။
ထိုသို့စကားများစဉ် အလုပ်သမားခေါင်းဆောင်ကိုကျော်ဆန်းဝင်း ဦးမင်းသိန်းနှင့် ရဲထွန်းတို့က လာရောက်ဖြေရှင်းပေးသည်ကို မကျေနပ်သဖြင့် အောင်ကိုကို(ခ)ကိုလတ်နှင့် ငတေ(ခ)လက်ယာ တို့ကချွန်ထက်သည့်အရာဖြင့်ထိုးကာထွက်ပြေးသွားခဲ့သည်။
ပြစ်မှုကျူးလွန်သူများကို ရဲတပ်ဖွဲ့မှလိုက်လံရှာဖွေခဲ့ရာ သြဂုတ် ၂၇ ရက်နေ့ ည ၁၀ နာရီ အချိန်တွင် အမှတ် ၉ ရပ်ကွက်ရှိ ရွှေဖားစည်အိမ်ယာ (၁)လမ်းရှိ ညောင်ပင်အောက်တွင်ပုန်းအောင်းနေစဉ် ဖမ်းဆီးရမိခဲ့ပြီး ဘားအံမြို့မရဲစခန်းတွင်(ပ)၃၉၁/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၂၆/၁၁၄ အရ အမှုဖွင့်အရေးယူထားသည်။

















