ဗဟန်းမြို့နယ်တွင် ငွေချေးခိုင်းရာက မရသည့်ကိစ္စနှင့်ပတ်သက်၍ ညဉ်းပန်းနှိပ်စက်သည့် ခင်ပွန်းကို ဇနီးက လည်ပင်းညှစ်သတ်ခဲ့သည်ဆိုမှုကို အရေးယူထားကြောင်း သြဂုတ် ၂၈ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ သိရသည်။
သြဂုတ်၂၅ နံနက် ၁ နာရီ ၁၀ မိနစ်အချိန်ခန့်တွင်ဗဟန်းမြို့နယ်၊ရေတာရှည်ရပ်ကွက်၊ မွန်ကျောင်း လမ်းအမှတ်(၅၁)မြေညီထပ်တွင်လင်မယားချင်းစကားများရာက လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က သွားရောက်ကြည့်ရှုခဲ့သည်။
ထိုသို့သွားရောက်စစ်ဆေးစဉ် အခင်းဖြစ်တိုက်ခန်းမှာတံခါးပိတ် လျက်တွေ့ရှိရသဖြင့် အခင်းဖြစ် နေအိမ် အတွင်း၌တွေ့ရှိသူ မဝင်းလဲ့ (၂၆ နှစ်)ကို တံခါးကိုဖွင့် လှစ်ခိုင်းကာ တိုက်ခန်း အတွင်း ဝင်ရောက်စစ် ဆေးရာထပ်ခိုးအိပ်ခန်းကုတင်ပေါ်တွင်မင်းညိုသော်(ခ)မြတ်လှိုင်သက်(၄၂)နှစ် ကို ပက်လက်အနေ အထားဖြင့်စောင်အုပ်လျှက်သေဆုံးနေသည်ကိုတွေ့ရသဖြင့် ရဲစခန်းသို့အကြောင်း ကြားခဲ့သည်။ ဗဟန်းမြို့မရဲစခန်းမှူး ဒုရဲမှူးဂျော်နီထွန်းနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမင်းညိုသော်(ခ)မြတ်လှိုင်သက်တွင် ယာဘက်ဒူးခေါင်းအထက်ပြတ်ရှ၊လည်ပင်းပွန်း၊ဝဲပခုံးအပေါ်ပြတ်ရှ၊ဝဲဒူးခေါင်းအထက်ပြတ်၊လည်ပင်းညိုမဲဒဏ်ရာများဖြင့်သေဆုံးနေသည်ကိုတွေ့ရသည်။
မဝင်းလဲ့အားသက်သေများရှေ့တွင်မေးမြန်းရာ သြဂုတ် ၂၄ ရက်ညနေ ၅ နာရီအချိန်ခန့်တွင် ခင်ပွန်း ဖြစ်သူ မင်းညိုသော်(ခ)မြတ်လှိုင်သက် က ၎င်းကိုမိဘများထံမှငွေချေးခိုင်း ရာမရသည့်ကိစ္စနှင့်ပတ်သက်၍စကားများရန်ဖြစ်ကာ ၎င်းအားရိုက်နှက်ခဲ့ကြောင်း၊ ည ၁ နာရီခန့်အကြာ ထပ်ခိုးအိပ်ခန်း အတွင်း ပြီးထပ်မံစကားများရန်ဖြစ်စဉ်၎င်းအားထပ်မံထိုးကြိတ်ခဲ့ကြောင်း၊ထိုသို့ထိုးကြိတ်နှိပ်စက်သဖြင့် မင်းညီသော်(ခ) မြတ်လှိုင်သက်ကို ကုတင်အောက် ရှိ မှန်ကွဲစတို့ဖြင့် ဝဲ/ယာပေါင်တို့ကိုထိုးခဲ့ကြောင်း၊ မင်းညီသော်(ခ) မြတ်လှိုင်သက် ကုတင်ပေါ်လဲကျသွားချိန်တွင် လည်ပင်းကိုယာလက်ဖြင့်ညှစ်ခဲ့ပြီး ငြိမ်သက်သွား မှသာစောင်ဖြင့် အုပ်ပေးခဲ့ပြီးနောက် အောက်ထပ်သို့ ဆင်းခဲ့ကြောင်းပြောပြသိရှိရသည်။
သေဆုံးသူမင်းညီသော်(ခ) မြတ်လှိုင်သက်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့အပ်ခဲ့ရာ ပီအာရ် ၀၇၂ ဖြင့် လက်ခံထားပြီး ပြစ်မှုကျူးလွန်သူ မဝင်းလဲ့အား ဗဟန်းမြို့မရဲစခန်းတွင်(ပ)၁၀၈၁/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်ကာ ရမန်ယူစစ် ဆေးလျက်ရှိသည်။
















