ကျပ် ၃၂ ဘီလီယံခန့်တန်ဖိုးရှိ အိုက်စ်များဖမ်းဆီးရမိ

ကျပ် ၃၂ ဘီလီယံခန့်တန်ဖိုးရှိ အိုက်စ်များဖမ်းဆီးရမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ် ၃၂ ဘီလီယံခန့်တန်ဖိုးရှိ အိုက်စ်များဖမ်းဆီးရမိမှုကို အမှုဖွင့်အရေးယူထားကြောင်း ဩဂုတ် ၂၈ ရက်နေ့တွင် မူးယစ်ရဲတပ်ဖွဲ့မှသိရသည်။

ဩဂုတ် ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ် သံလွင်မြစ်ကူးတံတား(တာကော်)ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ ကာလိမြို့ဘက်မှ မိုင်းပျဉ်းမြို့ဘက်သို့ ယာဉ်မောင်း စိုင်းသန်းထွန်း မောင်းနှင်ပြီး ယာဉ်နောက်လိုက် ကျန်းမိန်မိန်း(ခ) ဝင်းနိုင်(ဘ)ကျန်းရီဆိုင်၊ မန်လွယ်ရွာ၊ ကွတ်ခိုင်မြို့နေသူလိုက်ပါလာသည့် ၁၀ ဘီး ဆီဘောက်ဆာယာဉ်ကို မသင်္ကာ၍လုံခြုံရေးပူးပေါင်းအဖွဲ့က ရှာဖွေစစ်ဆေးရန်စောင့်ဆိုင်းခဲ့သည်။

အဆိုပါယာဉ်မှာ စစ်ဆေးရေးဂိတ်သို့မရောက်မီ ယာဉ်ကိုရပ်တန့်၍ ယာဉ်မောင်းဖြစ်သူ စိုင်းသန်းထွန်းသည် ကားလမ်း၏တောင်ဘက် လျှိုအတွင်းမှတစ်ဆင့် သံလွင်မြစ်အတွင်းသို့ ခုန်ဆင်းထွက်ပြေးသွားခဲ့သည်။ယာဉ်ကိုစစ်ဆေးရာ ယာဉ်၏ဆီဘောက်ဆာအတွင်းမှ အိုက်စ် ၁၆၀၀ ကီလို ဂရမ်ခန့်(ကာလတန်ဖိုးငွေကျပ် ၃၂ ဘီလီယံခန့်)ကို ယာဉ်နောက်လိုက် ကျန်းမိန်မိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့သောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။ ဖမ်းဆီးရမိသည့် ကျန်းမိန်မိန်းကို ကာလိနယ်မြေရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားသည်။