ဝါရှင်တန် သြဂုတ် ၂၈ - တောင်တရုတ်ပင်လယ်အတွင်း တရုတ်စစ်တပ်က ပဲ့ထိန်းဒုံးကျည်များ ပစ်ခတ်စမ်းသပ်မှုသည် ဒေသတွင်း လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန သြဂုတ် ၂၇ တွင်ထုတ်ပြန်ပြောဆိုခဲ့သည်။
တောင်တရုတ်ပင်လယ်အတွင်းရှိ ပါရာဆယ်ကျွန်းစုအနီး စစ်ရေးလေ့ကျင့်မှု များပြုလုပ်ရာတွင် တရုတ်သည် ပဲ့ထိန်းဒုံးကျည် ၄ စင်းအား စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း ပင်တဂွန်ကပြောဆိုခဲ့သည်။ တရုတ်၏ လုပ်ရပ်သည် ရန်လိုသည့်အပြုအမူများကို ရှောင်ကျဉ်မည့် ၂၀၀၂ ခုနှစ် ကတိကဝတ်အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ကြောင်း ပင်တဂွန်က ဆက်လက်ပြောဆိုခဲ့သည်။
ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်ခတ်မှုများအပါအဝင် တရုတ်၏ လုပ်ဆောင်ချက်သည် တောင်တရုတ်ပင်လယ်အတွင်း နောက်ထပ် မတည်ငြိမ်သော အခြေအနေများ ဖြစ်လာနိုင်ကြောင်း ပင်တဂွန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
"ဒီလို လေ့ကျင့်မှုဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ ရှုပ်ထွေးမှုတွေ ဒါမှမဟုတ် အငြင်းပွားမှုတွေ မြင့်တက်လာစေတာမျိုးတွေ၊ နောက်ပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကိုလည်း သက်ရောက်မှုရှိနိုင်စေတဲ့ အပြုအမူတွေကို ရှောင်ရမယ်ဆိုတဲ့ တရုတ်နဲ့ အရှေ့အာရှနိုင်ငံတွေရဲ့ ၂၀၀၂ ခုနှစ် ကတိကဝတ်တွေကို ချိုးဖောက်ရာလည်း ရောက်ပါတယ်" ဟု အမေရိကန်က တရုတ်ကို ရည်ညွှန်းကာ ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ဆယ်စုနှစ်တွင် တရုတ်သည် ၎င်းတို့၏ အချုပ်အခြာအာဏာ ချဲ့ထွင်လွှမ်းမိုးနိုင်ရေးအတွက် ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နှင့် အင်ဒိုနီးရှားနိုင်ငံများကလည်း ၎င်းတို့ရေပိုင်နက်များအဖြစ် ကြွေးကြော်ထားသည့် တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းစုများအပေါ်၌ စစ်အခြေစိုက်စခန်းများ တည်ဆောက်ခြင်း၊ ကျွန်းဟောင်းပြုပြင်ခြင်း အစရှိသည်တို့ကို လုပ်ဆောင်ခဲ့သည်။
တရုတ်က ရှီရှာဟု ခေါ်ဆိုထားသည့် ပါရာဆယ် ကျွန်းစုများအနီး သြဂုတ် ၂၃ မှ ၂၉ ရက်အထိ ပြုလုပ်ခဲ့သော တရုတ်၏ စစ်ရေးလေ့ကျင့်မှုသည် ရေပိုင်နက်ဆိုင်ရာ တရားမဝင်ကြွေးကြော်မှုများကို ထပ်မံပြောဆိုပြုမူခြင်းဖြစ်ပြီး အရှေ့တောင်အာရှအိမ်နီးချင်းနိုင်ငံများ အကျိုးမဲ့စေရေး လုပ်ရပ်များသာဖြစ်ကြောင်း ပင်တဂွန်က စွပ်စွဲပြောဆိုခဲ့သည်။ အေပီ

















