ကိုရိုနာဗိုင်းရပ်စ် တရုတ်၌ မြစ်ဖျားခံမခံ မသေချာကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောဆို

ကိုရိုနာဗိုင်းရပ်စ် တရုတ်၌ မြစ်ဖျားခံမခံ မသေချာကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောဆို

အော်စလို သြဂုတ် ၂၈ - ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံ၌ မြစ်ဖျားခံသည် မခံသည်မှာ မသေချာကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဖြစ်သလို နိုင်ငံတော်ကောင်စီဝင်လည်းဖြစ်သည့် ဝမ်ယိက သြဂုတ် ၂၇ ရက်တွင် ပြောဆိုခဲ့သည်။ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှင့်ပတ်သက်၍ တရုတ်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) သို့ ပထမဆုံးအစီရင်ခံသည့် နိုင်ငံဖြစ်သော်လည်း ဗိုင်းရပ်စ်သည် တရုတ်၌ မြစ်ဖျားခံသည်ဟု ပြောဆိုလို့မရကြောင်း ဝမ်ယိက နော်ဝေခရီးစဉ်တွင်ပြောဆိုခဲ့သည်။

တကယ်တမ်းပြောရရင် လွန်ခဲ့တဲ့လတွေမှာ ဗိုင်းရပ်စ်ဟာ ကမ္ဘာ့အခြားအစိတ်အပိုင်းတွေမှာလည်း ရှိနေတယ်ဆိုတဲ့ အစီရင်ခံတာတွေရှိခဲ့ပါတယ်၊ ဒီဗိုင်းရပ်စ်ဟာ တရုတ်မှာထက် အခြားနေရာတွေမှာ အရင်ကတည်းက ရှိနေနိုင်ခြေလည်းရှိနေပါတယ် ဟု ဝမ်က သတင်းထောက်များအားပြောဆိုခဲ့သည်။

တရုတ်နိုင်ငံအလယ်ပိုင်းရှိ ဝူဟန်မြို့၌ ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်ခံထားရသူများရှိနေပြီဖြစ်ကြောင်း ဒီဇင်ဘာတွင်ထုတ်ပြန်ခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်သစ်နှင့် ဆက်စပ်၍ ပထမဆုံးသေဆုံးမှုသည် ဇန်နဝါရီအစောပိုင်းတွင် ရှိခဲ့သည်။

ဗိုင်းရပ်စ်မှာ ဘယ်မှာစတင်တယ်၊ ဘယ်လိုစတင်တယ်ဆိုတာကို သိပ္ပံပညာရှင်တွေနဲ့ ဆေးပညာကျွမ်းကျင်သူတွေကပဲ ဆုံးဖြတ်ပါလိမ့်မယ်၊ ဒါကို နိုင်ငံရေးအရ အသုံးမချသင့်သလို နိုင်ငံတစ်နိုင်ငံအပေါ်မှာပဲ အပြစ်ပုံချဖို့လည်း မဖြစ်သင့်ပါဘူး ဟု ဝမ်ယိက ပြောဆိုခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်ဗိုင်းရပ်စ်ဖြစ်ကြောင်း ပြောဆိုခဲ့သည့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို ဝမ်ယိက တုံ့ပြန်ပြောဆိုလိုက်ခြင်းလည်းဖြစ်နိုင်သည်။

မည်သူသည် ပထမဆုံးလူနာဖြစ်သည်ကို မသိနိုင်သေးကြောင်း ဝမ်က ပြောဆိုခဲ့သည်။ ဝမ်သည် နယ်သာလန်နှင့် အီတလီတို့သို့ ယခုရက်သတ္တပတ်အစောပိုင်းတွင် သွားရောက်ခဲ့ပြီးဖြစ်သည်။ နော်ဝေသို့ ၂၀၀၆ ခုနှစ်မှစ၍ ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံခြားရေးဝန်ကြီးတစ်ဦး ပထမဆုံးအကြိမ်လာရောက်ခြင်းလည်းဖြစ်သည်။ အေပီ