ပြုံယမ်း သြဂုတ် ၂၈ - မြောက်ကိုရီးယားသို့ သြဂုတ် ၂၇ ရက် အစောပိုင်းတွင် တိုင်ဖွန်းမုန်တိုင်း ဘာဗီဝင်ရောက်တိုက်ခတ်ခဲ့သော်လည်း ထိခိုက်ပျက်စီးမှု အနည်းဆုံးရှိခဲ့ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောဆိုခဲ့သည်ဟု နိုင်ငံပိုင်သတင်းဌာန KCNA က သြဂုတ် ၂၈ တွင် ထုတ်ပြန်ခဲ့သည်။
တိုင်ဖွန်းမုန်တိုင်းအန္တရာယ်သတိပေးချက်ကို အချိန်မီထုတ်ပြန်နိုင်ခဲ့သည့်အတွက် စိုက်ခင်းများ ထိခိုက်ပျက်စီးမှုနှင့်လူသေဆုံးမှုများကို ကြိုတင်ကာကွယ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ကင်က ပြောဆိုခဲ့သည်။ ကင်သည် မြို့တော် ပြုံယမ်းအနောက်တောင်ဘက်ရှိ တောင်ဟွမ်ဂေးခရိုင်သို့ သွားရောက် ကြည့်ရှုခဲ့ပြီးဖြစ်သည်။ မြို့တော် အနီးအနားတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ သစ်ပင်ကြီးများ အမြစ်မှလဲကျခြင်း၊ မြေပြိုခြင်းများတို့ရှိခဲ့သည်။
COVID-19 တိုက်ဖျက်ရေး အရှိန်မြှင့်ဆောင်ရွက်နေသည့် မြောက်ကိုရီးယားသည် တိုင်ဖွန်းဘာဗီအား အဆင့် ၈ ရှိ မုန်တိုင်းအဖြစ် သတ်မှတ်ထားသည်။ "နံပါတ် ၈ အဆင့်ရှိတဲ့ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုဟာ မျှော်လင့်ထားတာ ထက်ကို နည်းပါးပါတယ်။ သူ့အနေနဲ့ အများကြီး စိုးရိမ်ခဲ့ရပြီး အခုလောက်ပဲ ပျက်စီးသွားတာဟာ ကံကောင်းတယ်လို့ ယူဆနေတယ်" ဟု ကင်ဂျုံအန်က ပြောဆိုခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။
KCNA က မုန်တိုင်းကြောင့် ပျက်စီးထိခိုက်မှုများကို ပြသခဲ့ပြီးနောက် ကင်သည် ယင်းနေရာများသို့ သွားရောက်ခဲ့သည်။ မြောက်ကိုရီးယားတွင် ယခုလအစောပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံခြင်းများဖြစ်ပေါ်ပြီး ကောက်ပဲသီးနှံများ ပျက်စီးခဲ့ရသောကြောင့် စားနပ် ရိက္ခာအတွက် စိုးရိမ်မှု မြင့်တက်လာနေသည်။
မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု နည်းပါးအောင် ဆောင်ရွက်ခဲ့သော အာဏာ ပိုင်များကိုလည်း ကင်ဂျုံအန်က ချီးကျူးစကားပြောဆိုခဲ့သည်။ အပျက်အစီးနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကိုမူ နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ခြင်း မရှိချေ။ အေပီ

















