တောင်ကိုရီးယား၌ ဒုတိယအတင်းကျပ်ဆုံး ကူးသန်းသွားလာမှုကန့်သတ်ချက် သက်တမ်းတိုး

တောင်ကိုရီးယား၌ ဒုတိယအတင်းကျပ်ဆုံး ကူးသန်းသွားလာမှုကန့်သတ်ချက် သက်တမ်းတိုး

ဆိုးလ် သြဂုတ် ၂၈ - တောင်ကိုရီးယား၌ နေ့စဉ် COVID-19 ကူးစက်သူဦးရေသည် ဂဏန်းသုံးလုံးရှိနေသော်လည်း အစိုးရသည် အတင်းကျပ်ဆုံးစည်းမျဉ်းများကို မချမှတ်သေးဘဲ ဒုတိယအတင်းကျပ်ဆုံး ကူးသန်းသွားလာမှုကန့်သတ်ချက်ကိုသာ သြဂုတ် ၂၈ ရက်တွင် သက်တမ်းတိုးခဲ့သည်။

လာမည့် ရုံးပိတ်ရက်များတွင် သက်တမ်းကုန်ဆုံးမည့် အဆင့် (၂) ကူးသန်းသွားလာမှုကန့်သတ်ချက်ကို နောက်ထပ်ရက်သတ္တပတ် သက်တမ်းတိုးလိုက်ပြီဖြစ်ကြောင်း ဝန်ကြီးချုပ် ချွန်ဆြဲကျွန်က ပြောဆိုခဲ့သည်။စီးပွားရေးနှင့် လူမှုရေးထိခိုက်မှုများရှိလာနိုင်သဖြင့် အဆင့်(၃) တင်းကျပ်မှုကို နောက်ဆုံးရွေးချယ်စရာမရှိမှသာ ကျင့်သုံးမည်ဖြစ်ကြောင်း ချွန်က အစိုးရအဖွဲ့အစည်းအဝေး၌ ပြောဆိုခဲ့သည်။

တောင်ကိုရီးယား၌ သြဂုတ် ၂၇ ရက် သန်းခေါင်ယံအထိ COVID-19 ကူးစက်သူသစ် ၂၇၁ ဦးရှိခဲ့သောကြောင့် ကူးစက်သူ ၁၉၀၇၇ ဦးရှိနေပြီဖြစ်သည်။ တောင်ကိုရီးယား၌ COVID-19 ဖြင့်သေဆုံးသူ ၃၁၆ ဦးရှိနေပြီဖြစ်သည်။

တောင်ကိုရီးယားသည် COVID-19 အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများကို ထိရောက်စွာခြေရာခံရှာဖွေခြင်း၊ သီးခြားထားရှိစောင့်ကြည့်ခြင်းနှင့် ကုသခြင်းတို့ကို လုပ်ဆောင်နိုင်ခဲ့သည့်အတွက် ကနဦးတွင် ကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့သော်လည်း ယခုလအစောပိုင်းတွင် ဘုရားကျောင်းတစ်ကျောင်းနှင့် နိုင်ငံရေးအရဆန္ဒထုတ်ဖော်မှုများမှတစ်ဆင့် အစုလိုက်အပြုံလိုက်ကူးစက်မှုများရှိခဲ့သည်။

ကျန်းမာရေးအာဏာပိုင်များသည် ဆိုးလ်မြို့နှင့် မြို့ဝန်းကျင်ဒေသများ၌ အဆင့်(၂) ကူးသန်းသွားလာမှုကန့်သတ်ချက်ကို သြဂုတ် ၁၆ ရက်တွင် ချမှတ်ခဲ့ပြီး လွန်ခဲ့သောအပတ်တွင် ယင်းကန့်သတ်ချက်ကို တစ်နိုင်ငံလုံးအတိုင်းအတာသို့ တိုးချဲ့ခဲ့သည်။

ယခုအပတ်အစောပိုင်းတွင် ဆိုးလ်မြို့ အုပ်ချုပ်ရေးအဖွဲ့သည် မြို့တော်နှင့် ဝန်းကျင်ဒေသများ၌ စာသင်ကျောင်းများကို ပိတ်သိမ်းထားရန် ညွှန်ကြားခဲ့သည်။ ဆိုးလ်၌ အလုံပိတ်နှင့် လေဟာပြင် အများပြည်သူဆိုင်ရာနေရာများ၌ နှာခေါင်းစည်း မတပ်မနေတပ်ရန်နှင့် ဘုရားကျောင်းများ၊ နိုက်ကလပ်များ၊ ကာရာအိုကေဘားများနှင့် အခြားကူးစက်နိုင်ခြေများသည့် နေရာများကို ပိတ်သိမ်းထားရန် ညွှန်ကြားထားသည်။ အေပီ