Sinovac ၏ COVID-19 ကာကွယ်ဆေး နောက်ဆုံးအဆင့်စမ်းသပ်မှု ဘင်္ဂလားဒေ့ရှ် ခွင့်ပြု

Sinovac ၏ COVID-19 ကာကွယ်ဆေး နောက်ဆုံးအဆင့်စမ်းသပ်မှု ဘင်္ဂလားဒေ့ရှ် ခွင့်ပြု

ဘင်္ဂလားဒေ့ရှ်အစိုးရသည် တရုတ်ဆေးဝါးကုမ္ပဏီ Sinovac မှ ထုတ်လုပ်သော အလားအလာရှိသည့် COVID-19 ကာကွယ်ဆေး၏ နောက်ဆုံးအဆင့် စမ်းသပ်မှုကို နိုင်ငံတွင်း ပြုလုပ်ရန် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ကျန်းမာရေးဝန်ကြီးက သြဂုတ် ၂၈ ရက်အနှောင်းပိုင်းတွင်ပြောဆိုခဲ့သည်။ 

ဘင်္ဂလားဒေ့ရှ်ဆေးသုတေသနဌာနသည် အဆင့် ၃ စမ်းသပ်မှုနှင့်ပတ်သက်၍ ကိုယ်ကျင့်တရားပိုင်းအရ လက်ခံကြောင်း လွန်ခဲ့သောလတွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ လက်ရှိတွင် အစိုးရက လက်မှတ်ရေးထိုး အတည်ပြုလိုက်ခြင်းဖြစ်သည်။

အိန္ဒိယမှ ထုတ်လုပ် သော အလားအလာရှိသည့် ကာကွယ်ဆေးတစ်မျိုးကိုလည်း နိုင်ငံတွင်း စမ်းသပ်ခွင့်ပြုရန် အသင့်ရှိနေကြောင်း ဘင်္ဂလားဒေ့ရှ်က ယခုလအတွင်း ပြောဆိုခဲ့ပြီးဖြစ်သည်။ "လိုအပ်တဲ့ သုတေသနပြုမှုအစီအစဉ်တွေအားလုံးအပေါ် စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့နောက် ကျွန်တော်တို့ ခွင့်ပြုချက်ပေးခဲ့တာပါ။ ကာကွယ်ဆေးကို ဦးစားပေးအနေနဲ့ ရရှိဖို့ကိုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို တင်ပြပြီးသွားပါပြီ" ဟု ကျန်းမာရေးဝန်ကြီး ဇာဟစ်မာလက်က ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံတကာ ဝမ်းရောဂါသုတေသနဦးစီးဌာနက ကြီးကြပ်ကာ မကြာမီတွင် ကာကွယ်ဆေး နောက်ဆုံးအဆင့် စမ်းသပ်မှုကို စတင်မည်ဖြစ်ကြောင်း ဇာဟစ်မာလက်က ပြောဆိုခဲ့သည်။ စမ်းသပ်မှုတွင် စေတနာ့ဝန်ထမ်းပေါင်း ၄၂၀၀ ပါဝင်မည်ဖြစ်ပြီး ၎င်းတို့အနက် ထက်ဝက်သည် ကာကွယ်ဆေး ထိုးနှံခံရမည်ဖြစ်ကြောင်း ကျန်းမာရေးအရာရှိများက ပြောသည်။ ဘင်္ဂလားဒေ့ရှ်၌ COVID-19 ကူးစက်သူ ၃၀၄၅၈၃ ဦးနှင့် သေဆုံးသူ ၄၁၂၇ ဦး ရှိသည်။

အောင်စိုးသူ ဘာသာပြန်သည်။