ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ရာထူးမှနုတ်ထွက်ကြောင်း ထုတ်ပြန်

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ရာထူးမှနုတ်ထွက်ကြောင်း ထုတ်ပြန်

ကျန်းမာရေးကောင်းမွန်မှုမရှိခြင်းကြောင့် ရာထူးမှနုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက သြဂုတ် ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဇူလိုင်လလယ်ပိုင်းလောက်တွင် ကျန်းမာရေးဆိုးရွားလာခဲ့ပြီး ကျန်းမာရေးမကောင်းမွန်မှုက အရေးပါသော မူဝါဒရေးရာဆုံးဖြတ်ချက်များအပေါ် သက်ရောက်မှုမရှိစေလိုကြောင်း အာဘေးကပြောဆိုခဲ့သည်။ ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်လိုက်ပါပြီ ဟု အာဘေးက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ အစာခြေလမ်းကြောင်းတွင် အနာပေါက်သည့် ရောဂါကြောင့် နုတ်ထွက်ရခြင်းဖြစ်ကြောင်း ၎င်းက အတည်ပြုပြောဆိုခဲ့သည်။

အာဘေးသည် အဆိုပါရောဂါဒဏ်ခံနေရသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီးဖြစ်ပြီး မကြာသေးမီရက်များတွင် တစ်ပတ်အတွင်း ဆေးရုံသို့ နှစ်ကြိမ်သွားရောက်ခဲ့မှုကြောင့် ပါတီခေါင်းဆောင်သက်တမ်းကုန်ဆုံးမည့် ၂၀၂၁ ခုနှစ် စက်တင်ဘာအထိ ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နိုင်ခြေရှိမရှိနှင့်ပတ်သက်၍ သို့လောသို့လောပြောဆိုမှုများရှိခဲ့သည်။

အာဘေးသည် ယခုလအတွင်း အားလပ်ရက်သုံးရက်ယူခဲ့ပြီး သြဂုတ် ၁၇ ရက်တွင် ဆေးရုံသို့သွားရောက်ခဲ့ကာ ဆေးရုံ၌ ခုနစ်နာရီကျော်ကြာ နေထိုင်ခဲ့ရသည်။ တစ်ပတ်အကြာတွင် အာဘေးသည် ဆေးရုံသို့ ထပ်မံသွားရောက်ခဲ့သည်။ ဝန်ကြီးချုပ်အဖြစ် ဆက်လက်ထမ်းဆောင်လိုကြောင်း အာဘေးက ယင်းအချိန်က ပြောဆိုခဲ့သည်။

အာဘေးနုတ်ထွက်မှုကြောင့် အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ(LDP) အတွင်း ခေါင်းဆောင်သစ်ကို ရွေးချယ်ရတော့မည်ဖြစ်သည်။ အာဘေးသည် သြဂုတ် ၂၄ ရက်တွင် ဂျပန်၌ သက်တမ်းဆက်တိုက် နှစ်အရှည်ကြာဆုံးတာဝန်ထမ်းဆောင်သည့် ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ အာဘေးသည် ရောဂါတစ်မျိုးကြောင့် ၂၀၀၇ ခုနှစ်တွင် ဝန်ကြီးချုပ်အဖြစ် ပထမအကြိမ်ထမ်းဆောင်မှုမှ နုတ်ထွက်ခဲ့သည်။ ၎င်းသည် ၂၀၁၂ ခုနှစ်ကတည်းက အာဏာပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီးချုပ်ဖြစ်သလို ဘဏ္ဍာရေးဝန်ကြီးတာဝန်ကိုပါယူထားသည့် တာရို အာဆိုသည် အာဘေးနေရာကို ဆက်ခံရမည့်သူများတွင် ထိပ်ဆုံးကပါဝင်နေသည်။ ဝန်ကြီးအဖွဲ့အတွင်းဝန်ချုပ် ယိုရှီဟီဒဲ ဆူဂါက ဒုတိယနေရာတွင်ရှိနေသည်။

ရီလွင် ဘာသာပြန်သည်။