တောင်တရုတ်ပင်လယ်အရေး ခလောက်ဆန်နေမှုများ အမေရိကန် ရပ်သင့်ပြီဟု တရုတ်ပြော

တောင်တရုတ်ပင်လယ်အရေး ခလောက်ဆန်နေမှုများ အမေရိကန် ရပ်သင့်ပြီဟု တရုတ်ပြော

ပေကျင်း သြဂုတ် ၂၉ - အမေရိကန်အနေဖြင့် တောင်တရုတ်ပင်လယ်အရေးတွင် ဝင်ရောက်မွှေနှောက် ခလောက်ဆန်နေမှုများနှင့် အမုန်းတရား မျိုးစေ့ကြဲပေးနေခြင်းကို ရပ်တန့်သင့်ပြီဖြစ် ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရှိသူတစ်ဦးက သြဂုတ် ၂၈ တွင် တုံ့ ပြန်ပြောဆိုလိုက်သည်။

တရုတ်ပြည်သူ့ တပ်မတော်သည် တောင်တရုတ်ပင်လယ်အတွင်း၌ စစ်ရေး လေ့ကျင့်မှု ပြုလုပ်ရာတွင် ပဲ့ထိန်းဒုံးကျည် လေးစင်ကို သြဂုတ် ၂၆ ရက်နေ့တွင် ပစ်ခတ် ခဲ့သည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပြီး ယင်း လုပ်ရပ်သည် ဒေသတွင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်လာနေသည်ဟု ဆို ထားသည်။

ထို့ကြောင့် အမေရိကန်၏ စွပ်စွဲချက်နှင့်ပတ်သက်ပြီး တရုတ်ဘက်က တုံ့ပြန်ရာ တွင် ၎င်းတို့သည် တောင်တရုတ်ပင်လယ်အတွင်းရှိ ရှီရှာကျွန်း၌ ပုံမှန် လုပ်ရိုးလုပ်စဉ် စစ်ရေးလေ့ကျင့်မှုကိုသာ ဆောင်ရွက်ခြင်းဖြစ်ပြီး အခြားမည်သည့် တိုင်းပြည်ကိုမျှ ပစ်မှတ်ထားခြင်းမရှိသလို တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားဖွယ်ကိစ္စများကို လည်း လုပ်ဆောင်ခြင်းမရှိဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဇောင်လီဂျန်က တုံ့ပြန်ခဲ့သည်။

''အခုလိုမျိုး စွပ်စွဲပြောဆိုနေတာတွေဟာ အခြေအမြစ်မရှိသလို တရားမျှတမှု လည်းမရှိဘူး'' ဟု ဇောင်က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။ပြီးခဲ့သည့် ကာလများတွင်လည်း အမေရိကန်သည် တောင်တရုတ်ပင်လယ်အ တွင်းသို့ စစ်သင်္ဘော၊ တိုက်လေယာဉ်၊ ကင်းထောက်လေယာဉ် အမြောက်အမြားကို စေ လွှတ်ခဲ့ပြီး တရုတ်၏ အချုပ်အခြာအာဏာကို မှေးမှိန်စေခဲ့ကြောင်း ဇောင်က ဆိုသည်။

အမေရိကန်သည် အဖျက်အမှောင့် လုပ်ငန်းများ စတင်လုပ်ဆောင်လာပြီဖြစ်ကာ တောင်တရုတ်ပင်လယ်အတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုအပေါ် ပြသနာရှာနေသူဖြစ် သည်ဟု ဇောင်က စွပ်စွဲပြောဆိုသွားခဲ့သည်။ အေပီ